Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ထိုင်းနိုင်ငံခရီးစဉ်အတွင်း မြန်မာ MoU လုပ်သားများကို တွေ့ဆုံအားပေးစကားပြောကြား

နေပြည်တော် ဒီဇင်ဘာ ၉

အလုပ်သမားရေးရာကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်နိုင်ရေး မြန်မာ-ထိုင်း နှစ်နိုင်ငံအလုပ်သမားဝန်ကြီးများ တွေ့ဆုံဆွေးနွေးရန်အတွက် ထိုင်းနိုင်ငံသို့ ရောက်ရှိစဉ်အတွင်း ယမန်နေ့ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာသံအမတ်ကြီး ဦးချစ်ဆွေတို့သည် ဗန်ကောက်ရှိ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးတွင် မြန်မာ အလုပ်သမားများ ထိုင်းနိုင်ငံတွင် တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံ MoU အရ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များနှင့်မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ်(CI)ထုတ်ပေးရေးစခန်းများ ဖွင့်လှစ်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းသည်။

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် တာ့ခ်ခရိုင်မဲဆောက်မြို့သို့ ရောက်ရှိ၍ ၎င်းမှတစ်ဆင့် မြန်မာနိုင်ငံ မြဝတီမြို့ နှစ်နိုင်ငံနယ်စပ် ချစ်ကြည်ရေးတံတားအမှတ်(၂)တွင် ဖွင့်လှစ်ထားသည့် MoU U-Turn အလုပ်သမားများကို (Overseas Worker Identification Card-OWIC) ထုတ်ပေးရေးစခန်းသို့ သွားရောက်စစ်ဆေးသည်။

စစ်ဆေးစဉ် မြန်မာဘက်မှ ဌာနဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက မြန်မာဘက်အနေဖြင့် မြဝတီမြို့နှင့် ကော့သောင်းမြို့တို့၌ အလုပ်ရှင်၊ အလုပ်သမားအလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုခြင်းနှင့် OWIC ထုတ်ပေးခြင်းဆိုင်ရာ MoU U-turn လုပ်ငန်းစဉ်ကို One Stop Service ဖြင့် နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိသည့်အတွက် ထိုင်းအလုပ်အကိုင်ဌာနမှ work permit နှင့် ဗီဇာကို အမြန်ဆုံးထုတ်ပေးနိုင်ရေး ထိုင်းနိုင်ငံဘက်နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း။

ဝန်ထမ်းများအနေဖြင့် မြန်မာအလုပ်သမားများအတွက် U-turn လုပ်ငန်းစဉ်များ နေ့ချင်းပြီး ဆောင်ရွက်ပေးနိုင်ရေးအတွက် စည်းစည်းလုံးလုံးနှင့် ညီညီညွတ်ညွတ်ဆောင်ရွက်ပေးစေလိုကြောင်း၊ MoU အလုပ်သမားများအနေဖြင့် အချိန်နှောင့်နှေးကြန့်ကြာမှုမရှိစေရန် မြန်မာနိုင်ငံဘက်သို့ ရောက်ရှိပြီး နေ့တစ်ဝက်ခန့် အချိန်အတွင်း လုပ်ငန်းဆောင်ရွက်ပြီးစီးအောင် ဆောင်ရွက်ကာ ယင်းနေ့အတွင်း ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ရန်အတွက် ရည်ရွယ်ဆောင်ရွက်သည့် လုပ်ငန်းစဉ်ဖြစ်၍ တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများသည် ဝန်ကြီးဌာန၏ ရည်မှန်းချက်အောင်မြင်စေရေး ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့ပြီး MoU U-turn လုပ်ငန်းစဉ်ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု၍ MoU U-turn မြန်မာအလုပ်သမားများနှင့် ပြည်တော်ပြန် မြန်မာအလုပ်သမားများကို ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တာ့ခ်ခရိုင် မဲဆောက်မြို့ရှိ SAHA Inter-Holding ခြေအိတ်စက်ရုံသို့ သွားရောက်ရာ စက်ရုံတာဝန်ရှိသူများက မြန်မာအလုပ်သမားများဖြင့် အလုပ်လုပ်ကိုင်နေကြသည့် လုပ်ငန်းခွင်အတွင်းလုပ်ငန်းလည်ပတ် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက စက်ရုံတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားများကို ၎င်းတို့၏ သက်ဆိုင်ရာမိသားစုများထံ ရရှိလစာ ၂၅ ရာခိုင်နှုန်း ပေးပို့ကြရန်၊ Remmittance Management System Mobile Application ဖြင့် မြန်မာနိုင်ငံရှိ မိသားစုများထံ တရားဝင်လမ်းကြောင်းမှ အလွယ်တကူ ငွေလွှဲစနစ်ကို ရှင်းလင်းပြောကြား၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ကိုယ်စားလှယ်ကအခွန် ၂ ရာခိုင်နှုန်းအကြောင်း ရှင်းလင်းခြင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကိုယ်စားလှယ်က EID စနစ်အကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်