Skip to main content

ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ (၁၃) ကြိမ်မြောက် အာဆီယံ-တရုတ်ရှေ့နေချုပ်များညီလာခံ တက်ရောက်

နေပြည်တော် ဒီဇင်ဘာ ၉

(၁၃) ကြိမ်မြောက် အာဆီယံ-တရုတ်ရှေ့နေချုပ်များညီလာခံကို ဒီဇင်ဘာ ၅ ရက်မှ ၇ ရက်အထိ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင်ကျင်းပရာ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ရှေ့နေချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ညီလာခံတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက “နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ၊ အဆင့်မြင့်နည်းပညာဖြင့် ကျူးလွန်သည့် ရာဇဝတ်မှုများကို တားဆီးနှိမ်နင်းရာတွင် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုအားကောင်းလာစေရေး” ခေါင်းစဉ်ဖြင့်ဆွေးနွေးရာတွင် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ခြင်းသည် အရေးကြီးသော အကြောင်းအရာတစ်ခုပင်ဖြစ်ပါကြောင်း၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများတွင် နိုင်ငံနယ်နိမိတ်ကိုကျော်လွန်၍ လူတစ်ဦးချင်း သို့မဟုတ် အဖွဲ့များကကျူးလွန်သော ရာဇဝတ်မှုဆိုင်ရာလုပ်ဆောင်မှုများ ပါဝင်ပါကြောင်း၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကို တားဆီးကာကွယ်ရန် မြန်မာနိုင်ငံအနေဖြင့် အကြမ်းဖက်မှုနှိမ်နင်းရေးဥပဒေ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေနှင့် ငွေကြေးခဝါချမှုတိုက်ဖျက် ရေးဥပဒေကဲ့သို့သော ဥပဒေများကိုပြဋ္ဌာန်းခဲ့ပါကြောင်း၊ အဆင့်မြင့်နည်းပညာကိုအသုံးပြု၍ ကျူးလွန်သော ရာဇဝတ်မှုများကို တားဆီးကာကွယ်ရန် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ၊ ကွန်ပျူတာ ပညာဖွံ့ဖြိုးရေး ဥပဒေကဲ့သို့သော ဥပဒေများကို ပြဋ္ဌာန်းခဲ့ပါကြောင်း။

ထို့ပြင် ဆိုက်ဘာလုံခြုံရေးဥပဒေကိုလည်း နိုင်ငံတကာစံနှုန်းများနှင့်အညီ ရေးဆွဲပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုသည် သတင်းအချက်အလက်များ ဖလှယ်ရန်နှင့် ဥပဒေရေးရာပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန် နိုင်ငံများအကြား အလွန်အရေးကြီးသော စင်္ကြံတစ်ခုဖြစ်ပါကြောင်း၊ နည်းပညာဖွံ့ဖြိုးတိုးတက်လျက်ရှိသည့် ယနေ့ခေတ်ကာလတွင် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို ကျူးလွန်ရာ၌အဆင့်မြင့်နည်းပညာများကို အသုံးချလျက်ရှိပါကြောင်း၊ ထိုသို့သော ရာဇဝတ်မှုများသည် ဒေသတွင်းတရားဥပဒေစိုးမိုးမှုသာမက ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းမှု၊ လုံခြုံမှုနှင့်တည်ငြိမ်အေးချမ်းမှုတို့ကို ခြိမ်းခြောက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကို တားဆီးကာကွယ်ရန် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်လျက်ရှိရာ မြန်မာနိုင်ငံသည် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကို ဆန့်ကျင်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကုလသမဂ္ဂကွန်ဗင်းရှင်းနှင့် ရာဇဝတ်မှုဆိုင်ရာကိစ္စရပ်များအပေါ် အပြန်အလှန် အကူအညီပေးရေးအာဆီယံသဘောတူစာချုပ် အဖွဲ့ဝင်နိုင်ငံဖြစ်ပါကြောင်း၊ ထို့ပြင် ရာဇဝတ်မှုဆိုင်ရာကိစ္စရပ်များတွင် အပြန်အလှန်အကူအညီပေးရေးဆိုင်ရာဥပဒေနှင့် နည်းဥပဒေများကို ပြည်တွင်းတွင်ပြဋ္ဌာန်းထားပါကြောင်း၊ ဆက်လက်၍ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများနှင့် အဆင့်မြင့်နည်းပညာ အသုံးပြု၍ကျူးလွန်သည့် ရာဇဝတ်မှုများကို တားဆီးကာကွယ်ရန် ဥပဒေပညာရှင်များ၊ တရားဥပဒေစိုးမိုးရေး အေဂျင်စီများ၊ နိုင်ငံများရှိ တရားရေးအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုသည်လည်း နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုကျုးလွန်သူများကို တရားစွဲဆိုရန်နှင့် ရာဇဝတ်မှုဆိုင်ရာကွန်ရက်များကို တားဆီးကာကွယ်ရေးအတွက် လိုအပ်ခြင်းကြောင့် နိုင်ငံဖြတ်ကျော် ဥပဒေရေးရာဝန်ဆောင်မှုများသည်လည်း အရေးပါကြောင်း၊ ထို့ပြင် ဒေသတွင်း online စနစ်ဖြင့် အချင်းချင်း ဆက်သွယ်၍ နိုင်ငံအချင်းချင်း ဥပဒေရေးရာ အကူအညီများပေးခြင်း ဖွံ့ဖြိုးလာစေရန်လည်း လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ညီလာခံတွင် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများ၊ အဆင့်မြင့်နည်းပညာဖြင့် ကျူးလွန်သည့် ရာဇဝတ်မှုများကို တားဆီးနှိမ်နင်းရေးဆိုင်ရာ နိုင်ငံအတွင်းဆောင်ရွက်နေမှုများ၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်နေမှုများနှင့် ဆောင်ရွက်သင့်သည်များကို အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။ ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံတို့ဖြင့် နှစ်နိုင်ငံဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်