Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (၃၂)ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (၃၂)ကြိမ်မြောက် နှစ်ပတ်လည်အသင်း သားစုံညီအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ(ရန်ကုန်)၌ ကျင်းပသည်။

နှုတ်ခွန်းဆက်စကားပြောကြား

ရှေးဦးစွာ သဘာပတိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ဖြည့်ဆည်းဆောင်ရွက်

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က မျက်မှောက်ကာလမှာလည်း အသင်းချုပ်အနေဖြင့် ပုဂ္ဂလိကကဏ္ဍတစ်ရပ်လုံးကို မြှင့်တင်ပေးမည့် ကမ္ဘာ့အဆင့်မီဦးဆောင်အဖွဲ့အစည်းတစ်ခုအဖြစ် ရောက်ရှိရေးမျှော်မှန်းပြီး ညီနောင်အသင်းများ၊ စီးပွားရေးအသင်းအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်နေသည်ကို သိရှိရကြောင်း၊ ပုဂ္ဂလိကကဏ္ဍတွင် ရင်းနှီးမြှုပ်နှံ နိုင်စွမ်းသာမက တီထွင်နိုင်စွမ်း၊ လူ့စွမ်းအားအရင်းအမြစ်နှင့် နည်းပညာဆိုင်ရာစွမ်းအားများရှိသည့်အတွက် ပုဂ္ဂလိကကဏ္ဍသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကမောင်းနှင်အားတစ်ရပ်ဖြစ်ကြောင်း၊ ထို့အပြင် ရေရှည်တည်တံ့သည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပုဂ္ဂလိကကဏ္ဍက တန်ဖိုးဖန်တီးပေးနိုင်သည့် (value creation) အခွင့်အလမ်းများရှိရုံသာမက အလုပ်အကိုင်များလည်း ဖန်တီးပေးနိုင်ကြောင်း၊ ပုဂ္ဂလိကကဏ္ဍအနေဖြင့် ဖွံ့ဖြိုးမှုလမ်းကြောင်းမှာ ပုံစံမျိုးစုံနှင့် ပါဝင်နေပြီး အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုကလည်း အရေးပါသည့် လမ်းကြောင်းတစ်ခုဖြစ်ကြောင်း၊ မြန်မာ့စီးပွားရေး တွင်လည်း ပုဂ္ဂလိကကဏ္ဍသည် အဓိက အချက်အချာကျသည့် အခန်းမှပါဝင်နေကြောင်း၊ ထို့ကြောင့် ပြည်တွင်းပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ ရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်ရန် ကဏ္ဍအလိုက်လိုအပ်ချက်များကို နိုင်ငံတော်က အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း။

ထို့အတူ နိုင်ငံတော်တွင် ကြုံတွေ့ရင်ဆိုင်နေရသည့် အခက်အခဲအကျပ်အတည်းများကို ဖြေရှင်းဆောင်ရွက်ရာတွင် ဘဏ္ဍာရေးနှင့် ငွေကြေးမူဝါဒများကို ချိန်ညှိဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုကဲ့သို့ နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားအတွက် အခက်အခဲများကြားမှ ဆောင်ရွက်ပေးမှုများကို အသင်းချုပ်နှင့် ညီနောင်အသင်းများအနေဖြင့် အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများနှင့် စီးပွားရေးရေရှည်တည်တံ့ခိုင်မာစေရေးကို ရှေးရှုပြီး ဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားလိုကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ ပို့ကုန်ဈေးကွက်ရရှိရေးအတွက် နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့နောက် ပုဂ္ဂလိကလုပ်ငန်းရှင်များဘက်ကလည်း မိမိတို့ အကျိုးစီးပွားတစ်ခုတည်းသာမက နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် စီးပွားရေးကျင့်ဝတ်များနှင့်အညီ နိုင်ငံတော်နှင့် ဟန်ချက်ညီစွာ ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ နိုင်ငံတော်၏ ငွေရေးကြေးရေး၊ ဘဏ္ဍာရေးနှင့် စီးပွားရေးတည်ငြိမ်စေရေးအတွက် နိုင်ငံတော်ကဆောင်ရွက်လျက်ရှိရာ အသင်းချုပ်နှင့် ညီနောင်အသင်းများအနေဖြင့်လည်း နိုင်ငံ့စီးပွားရေရှည်ဖွံ့ဖြိုးရန် နိုင်ငံတော်နှင့် လက်တွဲပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ယင်းနောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက အမှာစကားပြောကြားသည်။

အကြံပြုချက်များ ဖြေကြား

ထို့နောက် နှစ်ပတ်လည် အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းကို အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်က ဖတ်ကြားတင်ပြပြီး ပြင်ပစာရင်း စစ် JF Group-Certified Public Accountants & Auditors ၏ စာရင်းစစ်အစီရင်ခံစာကို ဖတ်ကြားတင်ပြကာ ကြိုတင်ပေးပို့ထားသည့် မေးခွန်းနှင့် အကြံပြုချက်များကို ဖြေကြားသည်။

ဆက်လက်၍ နှစ်ပတ်လည် အစီရင်ခံစာနှင့်ဘဏ္ဍာရေးရှင်းတမ်းကို အတည်ပြုပြီး ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ်အတွက် ပြင်ပစာရင်းစစ်ကို ခန့်အပ်သည်။

လှည့်လည်ကြည့်ရှု

ယင်းနောက် သဘာပတိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းက နိဂုံးချုပ်စကားပြောကြားပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ အသင်းချုပ်ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများသည် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြကာ ခင်းကျင်းပြသထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။

အစည်းအဝေးသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁)ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ တာဝန်ရှိသူများ၊ ညီနောင်မိတ်ဖက်အသင်းများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

သတင်းစဉ်