Skip to main content

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်ရှိ ကွန်ကရစ်တံတားတစ်စင်းအား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

နေပြည်တော် ဒီဇင်ဘာ ၉

အကြမ်းဖက်သမားများအနေဖြင့် ဒေသတွင်းလမ်းပန်းဆက်သွယ်မှုများ ပြတ်တောက်စေရန် ရည်ရွယ်၍ အများပြည်သူ သွားလာအသုံးပြုလျက်ရှိနေသော ကားလမ်းများ၊ တံတားများအားမီးရှို့ခြင်း၊ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အဖျက်အမှောင့်လုပ်ငန်းများအား လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဒီဇင်ဘာ ၈ ရက်နေ့ ည ၁၁ နာရီ ၅၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ထန်းကုန်း(တောင်)ကျေးရွာအနီး ရန်ကုန်-မန္တလေးလမ်းဟောင်း ကားလမ်းမိုင်တိုင်အမှတ် ၁၄၂ မိုင် ၂ ဖာလုံနှင့် ၃ ဖာလုံကြားရှိ သရက်ဆိပ်တံတားအား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲခဲ့မှုကြောင့် အလျား ၂၄ ပေ၊ အကျယ် ၃၈ ပေရှိ ကွန်ကရစ်တံတား၏ အနောက်ဘက်ခြမ်း၌ ၁၂ ပေခန့် ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ ပျက်စီးသွားသော တံတားအား သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ပြုပြင်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အများပြည်သူသွားလာ အသုံးပြုလျက်ရှိသည့် တံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သူများအား အရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးတို့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။