Skip to main content

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် Digital Payment Switch (Myanmar Pay) နှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၈

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အကောင်အထည်ဖော်ဆောင်ရွက်နေသည့် Digital Payment Switch (Myanmar Pay) ၏ လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ၊ မူဝါဒပိုင်းဆိုင်ရာနှင့် နည်းပညာပိုင်းဆိုင်ရာတို့ကို လမ်းညွှန်ဆုံးဖြတ်ပေးရမည့် အချက်များနှင့် စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။အစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် တာဝန်ရှိသူများ၊ ကမ္ဘောဇဘဏ်လီမိတက်နှင့် Wave Money တို့မှ နည်းပညာ ကျွမ်းကျင်သူများနှင့် PayPlus Co., Ltd မှ အကြီးတန်းစီမံခန့်ခွဲသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက မြန်မာနိုင်ငံ ငွေရေးကြေးရေးစနစ် ဖွံ့ဖြိုးတိုးတက်မှုနှင့် ငွေရေးကြေးရေးကဏ္ဍတွင် အများပါဝင်ဆောင်ရွက် နိုင်မှုတိုးမြှင့်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် Digital Payment Switch သည် ပြည်တွင်းငွေကြေးဖြင့် စာရင်းရှင်းလင်းခြင်းစီမံကိန်း (Local Currency Settlement Project) ဖြစ်ကြောင်း၊ Project အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ PayPlus၊ Technical Consultant Team တို့၏ လုပ်ငန်းတာဝန်များနှင့် Working Group တို့ကို ကဏ္ဍအလိုက် တာဝန်ခွဲဝေ၍ ချမှတ်ထားကြောင်း၊ Working Group များသည် Project Timeline အတွင်း အချိန်မီဆောင်ရွက်ရန်လိုအပ်ကြောင်း၊ QR ကိုအသုံးပြု၍ နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုများတွင် အဆင်သင့်ဖြစ်စေရန် နိုင်ငံတကာအတွေ့အကြုံများ လေ့လာ၍ မူဝါဒပိုင်းဆိုင်ရာ၊ နည်းပညာပိုင်းဆိုင်ရာတို့ကို ထည့်သွင်းစဉ်စားရန် လိုအပ်ကြောင်း၊ Policy Guideline များ ချမှတ်မှုကို အမြန်ဆုံး ဆောင်ရွက်ရမည်ဖြစ်ကြောင်းပြောကြားပြီး ကမ္ဘောဇဘဏ်လီမိတက်၊ Wave Money တို့မှ နည်းပညာကျွမ်းကျင် သူများနှင့် PayPlus Co.,Ltd မှ Myanmar Pay ၏ Mockup ဆောင်ရွက်မှုပုံစံအား ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ဆွေးနွေးအကြံပြုသည်။

ထို့ပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဦးဆောင်မှုဖြင့် Industrial and Commercial Bank of China (ICBC) (ရန်ကုန်ဘဏ်ခွဲ) မှ မြန်မာအမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်း အတွက် လှူဒါန်းငွေပေးအပ်ပွဲအခမ်းအနားကို မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲ၌ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ နိုင်ငံခြား သုံးငွေစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ICBC (ရန်ကုန် ဘဏ်ခွဲ)မှ CEO Mr. Liu Ming နှင့် တာဝန်ရှိသူများ၊ မြန်မာအမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များ အသင်းဥက္ကဋ္ဌ ဒေါ်ကြွေကြွေဇင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ICBC (ရန်ကုန်ဘဏ်ခွဲ)သည် စီးပွားရေးလုပ်ငန်းစု၏ လူမှုတာဝန်ကျေပွန်မှု (Corporate Social Responsibility - CSR) အစီအစဉ်တစ်ရပ်အနေဖြင့် မြန်မာနိုင်ငံမှ အမျိုးသမီးများ၏ လူမှုစီးပွားဘဝတိုးတက် မြင့်မားလာစေရန်၊ အကျိုးပြုစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေးအတွက် အမျိုးသမီးစွန့်ဦးတီထွင်သူများ ပေါ်ထွက်လာစေရန်၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုအတွက် အမျိုးသမီးများ၏ အခန်းကဏ္ဍနှင့်ပါဝင် နိုင်စွမ်းကို ပံ့ပိုးကူညီမြှင့်တင်ရန် ရည်ရွယ်လှူဒါန်းခြင်းဖြစ်ပြီး အခမ်းအနားတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြား၍ ICBC (ရန်ကုန် ဘဏ်ခွဲ) ၏ CEO က လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ ICBC(ရန်ကုန်ဘဏ်ခွဲ)မှ အလှူငွေများ ပေးအပ်ရာ မြန်မာအမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်းဥက္ကဋ္ဌက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားသည်။      

ယင်းနောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာ စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

သတင်းစဉ်