Skip to main content

မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌဖလားနှင့် (၆၆) ကြိမ်မြောက် အမျိုးသားတံခွန်စိုက် (ဝန်ကြီးဌာနပေါင်းစုံ) ပြေးခုန်ပစ်ပြိုင်ပွဲ တတိယနေ့ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၇

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်တို့ ပူးပေါင်း၍ ဒီဇင်ဘာ ၅ ရက်မှ ၈ ရက်အထိ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌဖလားနှင့် (၆၆) ကြိမ်မြောက် အမျိုးသားတံခွန်စိုက် (ဝန်ကြီး ဌာနပေါင်းစုံ) ပြေးခုန်ပစ်ပြိုင်ပွဲကို ယနေ့နံနက် ၇ နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်းအမှတ်(၁)တို့၌ ကျင်းပရာ အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးကြသည်။

ယှဉ်ပြိုင်ကစား

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသမီး- ၇ မျိုးစုံ) ပြိုင်ပွဲ၊ (အမျိုးသား/အမျိုးသမီး)သံလုံးပစ် ပြိုင်ပွဲ၊ (အမျိုးသား/အမျိုးသမီး) မီတာ-၅၀၀၀ပြိုင်ပွဲ၊ အမျိုးသားတုတ်ထောက်ခုန်ပြိုင်ပွဲ၊ (အမျိုး သား/ အမျိုးသမီး) မီတာ-၄၀၀ တန်းကျော်ပြေးပြိုင်ပွဲ၊ (အမျိုး သား+အမျိုးသမီး) မီတာ (၄၀၀x၄) လက်ဆင့်ကမ်းပြိုင်ပွဲ၊ (အမျိုး သား/အမျိုးသမီး) မီတာ- ၈၀၀ ပြိုင်ပွဲ၊ (အမျိုးသား/အမျိုးသမီး) မီတာ - ၂၀၀ပြိုင်ပွဲ၊ အမျိုးသမီး အလျားခုန်ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြသည်။

စံချိန်သစ်များတင်နိုင်

ယနေ့ပြိုင်ပွဲ ပွဲစဉ်များဖြစ်သည့် အမျိုးသားသံလုံးပစ် ပြိုင်ပွဲတွင် ထက်ဝေယံ (ပြည်ထဲရေး) သည် ၁၅ ဒသမ ၀၂ မီတာဖြင့် ၂၀၀၃ ခုနှစ် အောင်မိုးဝင်း (မြို့တော်/စည်ပင်) ၏ စံချိန် ၁၄ ဒသမ ၀၇ မီတာထက် သာလွန်ကောင်းမွန်ပြီး စံချိန်သစ် တင်နိုင်ခဲ့သည့်အပြင် အမျိုးသားမီတာ ၂၀၀ ပြိုင်ပွဲတွင် ထက်ရှိုင်း အောင် (စည်ပင်) ၏ Hand Timing ၂၁ ဒသမ ၂၅ စံချိန်သည် ၁၉၉၃ ခုနှစ်၊ ကျော်ထူးအောင် (ဟိုတယ်/ခရီး) ၏ ဖိလစ်ပိုင်နိုင်ငံတွင် ရရှိသော Electronic Time ၂၁ ဒသမ ၃၄ စံချိန်ထက်သာလွန်၍လည်းကောင်း ဝန်ကြီးဌာနစံချိန်သစ်များ တင်နိုင်ခဲ့သည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲများတွင် ဆုရရှိကြသူများကို တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ဒီဇင်ဘာ ၈ ရက်တွင် စတုတ္ထနေ့ ပြေးခုန်ပစ်ပြိုင်ပွဲ ပွဲစဉ်များကို နံနက် ၆ နာရီ မှစတင်၍ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်းနှင့် လေ့ကျင့်ရေး ကွင်းအမှတ် (၁) တို့၌ ဆက်လက်ကျင်းပသွားမည် ဖြစ်ပြီး အားကစားဝါသနာရှင်များအနေဖြင့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။

သတင်းစဉ်