ဘာသာရပ် - ကဗျာ
စာရေးသူ- ဘုန်းမြင့်ချို(သာယာဝတီ)
ဆုအမျိုးအစား- ပထမ
“ဆုရစာမူဖြစ်လာဖို့ ၂၀၁၄ ခုနှစ် ကစပြီး ကဗျာ၊ ဝတ္ထု၊ ဆောင်းပါးတွေကို အစဉ်တစိုက်ရေးသားပြီး စာမူတွေပြိုင်ခဲ့ ပါတယ်။ ဒါပေမဲ့ ဆုမရရှိခဲ့ပါဘူး။ အဲဒါနဲ့ ၂၀၁၄ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း ရှစ်နှစ်စာ ရေးသားပြိုင်ပွဲဝင်ခဲ့တဲ့ ကဗျာတွေထဲကရွေးထုတ်ပြီး ကဗျာပေါင်း ချုပ်စာမူကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာကနေ အခုလို ဆုရရှိခဲ့တာဖြစ်ပါတယ်။ ဆုရ စာမူကတော့ ပြည်သူ့နီတိ၊ လောကနီတိနဲ့ သက်ဆိုင်တဲ့ ရသ၊ သုတတွေပါဝင်ပြီး လူမှုဝန်းကျင်၊ ဘဝအတွေ့အကြုံတွေ နဲ့ပေါင်းစပ်ပြီး တင်ပြထားတဲ့ ‘ပိုးကိုက်ရာကင်း ပန်းတခင်း’ကဗျာတွေ ဖြစ်ပါတယ်။
၁၉၈၅ ခုနှစ် မတိုင်မီကတည်းက စန္ဒာမဂ္ဂဇင်း၊ သွေးသောက်မဂ္ဂဇင်းတွေမှာ စတင်ရေးသားရာကနေ စာပေနယ်ကို စတင်ဝင်ရောက်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် ကစတင်ပြီး ရယ်စရာ၊ ပြုံးစရာ၊ စုံထောက်၊ နိုင်ငံ့ဂုဏ်ရည်၊ ပြစ်မှု၊ ရောင်ပြန်၊ Youth ၊ ငွေတာရီ၊ တပ်မတော်နှစ်ပတ်လည်စတဲ့ မဂ္ဂဇင်းတွေ၊ သာသနာ့အလင်း၊ ဓမ္မရံသီ၊ ဓမ္မရတနာ၊ မြဝတီသတင်းစာ၊ ဒို့ကျေးရွာ ဂျာနယ်တွေမှာ ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာတွေ ရေးသားခဲ့ပါတယ်။ စာပေ ဆုရရှိမှုကတော့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများတိုက်ဖျက် ရေး စာပေပြိုင်ပွဲတွေမှာ အထူးဆု၊ ဒို့ကျေးရွာဝတ္ထုတိုပြိုင်ပွဲမှာအထူးဆု၊ မြဝတီသတင်းစာ (၅) နှစ်မြောက်နေ့မှာ တစ်နှစ်ပတ်လုံးကဗျာအများဆုံးပါရှိမှု အထူးဆု၊ တပ်မတော် (၇၅) နှစ်မြောက် စိန်ရတုအထိမ်းအမှတ် စာပေပြိုင်ပွဲမှာဝါသနာရှင် အဆင့် (ကဗျာရှည် ပထမဆု) ရရှိခဲ့ပါတယ်။ အခုလို စာပေဗိမာန်ကဗျာပေါင်းချုပ် ပထမဆု ရရှိခဲ့တာက နှစ်ပေါင်းများစွာ မျှော်လင့်ကြိုးစားခဲ့ရတဲ့ ရလဒ်ဖြစ်လို့ တန်ဖိုးကြီးမားတဲ့အတွက် ဝမ်းသာပီတိ ဖြစ်ရပါတယ်။
ဒီနေ့ခေတ်မှာ အင်တာနက်စာမျက်နှာတွေမှာ စာအုပ်တွေ၊ သိရှိလိုတဲ့ အကြောင်းအရာတွေကို တစ်ထိုင်တည်း ရှာဖွေဖတ်ရှုနိုင်လို့ ကမ္ဘာတစ်ဝန်းလွယ်ကူစွာ လေ့လာသိရှိခွင့်ရနေကြပါတယ်။ ဒါကြောင့် ယနေ့ခေတ်လူငယ်တွေအနေနဲ့ စာပေတွေကို အလွယ်တကူရှာဖွေဖတ်ရှု ခွင့်ရကြသလို စာရေးခွင့်ကိုလည်း ရရှိနေကြပါတယ်။ မိမိတို့ရဲ့ဘဝ၊ ဓလေ့၊ ယဉ်ကျေးမှုတွေကို စာရေးခြင်းမှ ဖော်ထုတ်သိမြင် ကြရတာဖြစ်လို့ ရသ၊ သုတ စာရေးဆရာ မျိုးဆက်သစ် လူငယ်တွေပေါ်ပေါက်ဖို့ အထူးလိုအပ်ပါတယ်။ ဒါကြောင့်မို့လို့ လူငယ်တွေအနေနဲ့ စာရေးခြင်းအတတ်ပညာနဲ့ စာရေးဆရာမျိုးဆက်သစ်တွေ ဖြစ်အောင် ကိုယ်တိုင်အားထုတ်ကြပါလို့ အကြံပြုလိုပါတယ်”ဟု ပြောကြားသည်။
စာရေးဆရာ ဘုန်းမြင့်ချို (သာယာဝတီ) သည် ယခုအခါ သာယာဝတီမြို့တွင် နေထိုင်လျက်ရှိပြီး မြို့နယ်အတွင်း ဘာသာရေး၊ သာသနာရေး၊ စာပေလုပ်ငန်းများတွင် ဒိုင်အဖွဲ့၊စာစစ်အဖွဲ့၊ တည်းဖြတ်အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိကာ ဘုန်းမြင့်ချို(သာယာဝတီ)၊ မာဏိတ (၃၀) ကလောင်အမည်များဖြင့် စာပေများ ရေးသားလျက်ရှိပြီး အမည်ရင်းမှာ ဦးဘုန်းမြင့် (ခ) မြင့်ချို ဖြစ်သည်။
ဘာသာရပ် - သုတ(ဝိဇ္ဇာ)
စာရေးသူ- ယဉ်ယဉ်မွန်(ရှေးဟောင်းသုတေသန)
ဆုအမျိုးအစား- ပထမ
“မြန်မာ့သမိုင်းမှာ ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်ဆိုပြီး ခေတ်အဆက်ဆက် ထွန်းကားခဲ့ရာမှာ တောင်ငူခေတ်ကလည်း အင်းဝ ခေတ်နဲ့ အပြိုင် ထွန်းကားခဲ့ပါတယ်။ တောင်ငူခေတ်ကိုသိရှိဖို့နဲ့ မှန်ကန်တဲ့သမိုင်းကြောင်း အထောက်အထားတွေရရှိဖို့အတွက် ရှေးဆရာကြီးတွေနဲ့ ပညာရှင်တွေရေးသားထားတဲ့ စာအုပ်အမြောက် အမြားကို စုဆောင်းလေ့လာဖတ်ရှုပြီး ‘မြို့တည်နန်းတည် ကေတုမတီ(တောင် ငူ)’ စာမူကို ရေးသားခဲ့တာဖြစ်ပါတယ်။ ဒီစာမူမှာ အခန်းကိုးခန်းနဲ့ရေးသားထားပြီး တောင်ငူအဆင့်ဆင့်ပြောင်းလဲ လာပုံ၊ တောင်ငူမင်းဆက်များ၊ မြို့တည်ဖွဲ့ပုံ၊ မင်းအဆက်ဆက်တည်ခဲ့သော စေတီ ပုထိုးများ၊ ဘာသာရေးနှင့် ဓလေ့ထုံးစံ၊ တောင်ငူခေတ်တွင် ထင်ရှားခဲ့သည့် စာဆိုတော်များ၊ တောင်ငူဒေသတွင် နယ်ချဲ့အင်္ဂလိပ်တို့၏ လုပ်ရပ်များနှင့် ကွင်းဆင်း တူးဖော်အထောက်အထားများ စသဖြင့်အများသူငါ ဗဟုသုတရစေဖို့ ရည်ရွယ်ပြီး စုံလင်အောင် ရေးသားတင်ပြထားပါတယ်။
ရှေးဟောင်းသုတေသနမှာ တာဝန်ထမ်းဆောင်ခဲ့စဉ်က ပဲခူး၊ ပြည်၊ ပုဂံတို့မှာရှိတဲ့ နန်းတော်ရာတွေ၊ ပဲခူး၊ ပုဂံပြတိုက်တွေမှာ တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။ တူးဖော်သုတေသနလုပ်ငန်းတွေကိုလည်း လုပ်ကိုင်ရင်း ဒီနန်းတော်နဲ့ သမိုင်းကြောင်းအထောက်အထားတွေကို မိမိလေ့လာသိရှိထားသမျှလေးနဲ့ အများ သူငါကို ဗဟုသုတဖြန့်ဝေလိုစိတ်နဲ့ စာတွေ စတင်ရေးသားခဲ့တာ ဖြစ်ပါတယ်။ သုတပဒေသာ (ဝိဇ္ဇာ)စာပေကိုပဲ ရေးသားခဲ့တာပါ။ စာအုပ်ထွက်ရှိမှုအနေနဲ့ စာပေဗိမာန်က သုံးအုပ်နဲ့ ဌာနကတစ်အုပ်စုစုပေါင်း လေးအုပ်ထွက်ရှိခဲ့ပါတယ်။
ကျွန်မတို့ လေ့လာရေးသားတင်ပြထားတဲ့ စာမူတွေကို အသိအမှတ်ပြုပြီး အခုလိုဆုချီးမြှင့်ပေးတဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။ ဆက်လက်ပြီးတော့လည်း သုတေသနစာပေတွေကို လေ့လာ စုဆောင်းပြီး ကွင်းဆင်းရေးသားသွားမှာပါ။
စာပေလောကမှာ အသိပညာပေး စာပေတွေ၊ အကျိုးပြုစာပေတွေ များများ ရေးနိုင်ကြပါစေ။ လူတိုင်းစာပေကို ချစ်မြတ်နိုးပြီး စာများများဖတ်စေချင်ပါ တယ်။ စာပေတွေထဲက အတုယူစရာကို အတုယူ၊ သင်ခန်းစာယူစရာရှိတာကို ယူပြီး ကောင်းမွန်တဲ့အနာဂတ်ခရီးကို ဖန်တီးနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်”ဟု ပြောကြားသည်။
စာရေးဆရာမ ယဉ်ယဉ်မွန် (ရှေးဟောင်းသုတေသန)သည် ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း (ပြည်) တွင် ကထိကရာထူးဖြင့် တာဝန် ထမ်းဆောင်ခဲ့ပြီး ၂၀၂၁ ခုနှစ် အောက်တို ဘာလတွင် အငြိမ်းစားယူခဲ့ကာ လက်ရှိ တွင် ပဲခူးမြို့၌ နေထိုင်လျက်ရှိသည်။
ဘုန်းမြင့်ချို (သာယာ၀တီ)
တွေ့ဆုံမေးမြန်း - လင်းရာမ
ဓာတ်ပုံ - ကိုထက်