နေပြည်တော် ဒီဇင်ဘာ ၇
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၅ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ၁၆ မိုင် ကျောက်ချောစစ်ဆေးရေးစခန်း၌ ယာဉ်တစ်စီးပေါ်မှ ပုစွန်တစ်ကောင် စားအုန်းဆီ ၁၈ လီတာပါ ပုံး ၁၅၀၊ ပုစွန်နှစ်ကောင်စားအုန်းဆီ ငါးလီတာပါ ဘူး ၁၆၀၊ ပုစွန်နှစ်ကောင်စားအုန်းဆီ နှစ်လီတာပါဘူး ၁၂၀၊ ပုစွန်နှစ်ကောင်စားအုန်း ဆီ တစ်လီတာပါ ဘူး ၇၂၀၊ မြတံဆိပ်စားအုန်းဆီ ၁၈ လီတာပါ ပုံး ၅၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၇၆၀၀၀၀)နှင့် အဆိုပါစားအုန်းဆီများ တင်ဆောင်လာသည့် Mitsubishi Canter တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၀၀၀၀၀၀) (စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၇၆၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် အကောက်ခွန်ဦးစီးဌာန၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ဒီဇင်ဘာ ၅ ရက်တွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Lebay Baby Wipe တစ်ရှူးအထုပ် ၁၅၃၀ အပါအဝင် ကုန်ပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၂၄၀၀၀၀) ကိုလည်းကောင်း၊ အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် ယာဉ်အပိုပစ္စည်း T-Bar Clamp ကီလိုဂရမ် ၅၅၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၉၃၀၀၀၀)ကိုလည်းကောင်း၊ ဒီဇင်ဘာ ၆ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လေဆိပ်(သွင်းကုန်)၌ သွင်းကုန်လိုင်စင် တင်ပြနိုင်ခြင်းမရှိသည့် ကျောက်ဟုယူဆရသော ကျောက်ရောင်စုံအတုံးအသေးများ ၈၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၀၀၀၀)ကိုလည်းကောင်း၊ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း ၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် BARMASO Phone Cover and Phone Case ကီလိုဂရမ် ၅၀၀ အပါအဝင် ကုန်ပစ္စည်းငါးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၆၅၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Dong Feng Tractor Head တစ်စီးနှင့် နောက်တွဲ ယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၀၀၀၀၀၀) ကိုလည်းကောင်း (စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၇၄၀၂၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။
ယင်းအပြင် ဒီဇင်ဘာ ၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တိုက်ကြီးမြို့နယ် ဥက္ကံမြောက်(၂)နယ်မြေ၌ တရားမဝင် အခြားသစ် ၁၅ ဒသမ ၁၆၉ တန် (စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၄၂၇၀)ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဒီဇင်ဘာ ၆ ရက်တွင် ရှမ်းပြည်နယ်တရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မိုင်းဆတ်မြို့ ဝိန်းကောင်းရပ်ကွက် မိုင်းဆတ်-မိုင်းခုတ်လမ်းဘေးတစ်နေရာ၌ စုပုံထားသော အကောက် ခွန်မဲ့ပစ္စည်းများဖြစ်သည့် ထိုင်းနိုင်ငံထုတ် ပလတ်စတစ်ထိုင်ခုံအလုံး ၂၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ထို့အတူ ဒီဇင်ဘာ ၇ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်နှင့် ပြည်ခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် ၃ ဒသမ ၅၂၀ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၁၆၁၆၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဒီဇင်ဘာ ၅ ရက်၊ ၆ ရက်နှင့် ၇ ရက်တို့တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၅ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၅၄၉၅၈၇၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်
