ဒီနေ့မှာတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်များကို ဂုဏ်ထူးဆောင်ဘွဲ့တွေ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခဲ့ပါတယ်။ သူရဘွဲ့ရရှိတဲ့ပုဂ္ဂိုလ် လေးဦးအပါအဝင် စုစုပေါင်း ၁၄၇ ဦးဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ်များဟာ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များသာမကဘဲ လုံခြုံရေးဆိုင်ရာတာဝန်ထမ်းဆောင်နေတဲ့ စစ်သည်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများနဲ့ နိုင်ငံတော်ရဲ့ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ သာမန်ပြည်သူလူထုများပါဝင်ပါတယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့ နိုင်ငံတော်ရဲ့လွတ်လပ် ရေးကြိုးပမ်းမှုကာလကတည်းက တပ်မတော်နဲ့ပြည်သူလက်တွဲပြီး လွတ်လပ်ရေးရရှိအောင် အသက်ပေါင်းများစွာစတေးပြီး၊ ဘဝပေါင်းများစွာစတေးပြီး ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာလည်း ရန်ကုန်အစိုးရလို့ပဲ ကွက်ကွက်ကလေးခေါ်ရတဲ့ အင်းစိန်အထိတောင်မှပဲ သောင်းကျန်းသူများ လှုပ်ရှားစိုးမိုးနေတဲ့ နေရာကနေပြီး တပ်မတော်သားတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ တာဝန်သိပြည်သူလူထုတွေပူးပေါင်းပြီး နိုင်ငံတော်လွတ်လပ်ရေးတည်တံ့ ခိုင်မြဲအောင်ဆောင်ရွက်လာတာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ခဲ့လို့လည်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုတာ ယခုလက်ရှိမြေပုံ ပေါ်မှာရှိနေတဲ့အတိုင်း ရှိနေတာပဲဖြစ်ပါတယ်။ ခေတ်အဆက်ဆက် နိုင်ငံတော်ရဲ့ကာကွယ်ရေး၊ လုံခြုံရေးတာဝန်၊ ပြည်ထောင်စုမပြိုကွဲရေးတာဝန်ကို ထမ်းဆောင်လာကြတဲ့ ပုဂ္ဂိုလ်များအားလုံး ဒီနေ့ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ခံရတဲ့ ပုဂ္ဂိုလ်များအားလုံးကို အသိအမှတ်ပြုဂုဏ်ယူပါကြောင်း လေးနက်စွာပြောကြားလိုပါတယ်။ နိုင်ငံတော်ရဲ့ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် အရာရှိ၊ စစ်သည်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ရွပ်ရွပ်ချွံချွံထမ်းဆောင်နေတဲ့အချိန်ကာလမှာ ကောလာဟလ မျိုးစုံ ထုတ်လုပ်မှုဆိုတာကတော့ ရှိမှာပဲဖြစ်ပါတယ်။ အကြမ်းဖက်သမားများအနေနဲ့ကတော့ အကြမ်းဖက်သမားတွေရဲ့ လုပ်ရိုးလုပ်စဉ်သည် ပထမဦးစွာ ဘာကိုဆောင်ရွက်တာလဲဆိုရင် အကြမ်းဖက်မှုတစ်ခု ကို ဖြစ်မြောက်အောင် လုပ်ပြလိုက်တာပဲ။ အကြမ်းဖက်မှုတစ်ခုကို ဖြစ်မြောက်အောင်လုပ်ပြီးရင် သူနဲ့ပင်းဖက်တဲ့ မီဒီယာတွေနဲ့ပြီးရင် သူအကြမ်းဖက်လုပ်ခဲ့တာတွေကို ဝေဝေဆာဆာထုတ်ပြန်ပြီး လူထုရဲ့စိတ်ထဲမှာ အကြောက်တရား ဒါမှမဟုတ် လူထုရဲ့စိတ်ထဲမှာ ဂရုစိုက်မှုတစ်ခုရရှိလာအောင် သူကဆောင်ရွက်တာဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်မှုမျိုးတွေကို ဘယ်လိုမီဒီယာတွေ၊ ဘယ်လိုအဖွဲ့အစည်းတွေက ဆောင်ရွက်နေတယ်ဆိုတာ ပြည်သူများ လက်တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ပြောဆိုနေတဲ့ ဒီမိုကရေစီဆိုတဲ့စကား၊ ဖက်ဒရယ်ဆိုတဲ့ စကားတွေဟာ သူတို့ရဲ့စိတ်ဓာတ်နဲ့ သူတို့ရဲ့ပါးစပ်နဲ့တောင်မှ မလိုက်ဘူးလို့ပဲ ပြောချင်ပါတယ်။
ဒီနေ့မှာဆိုလည်း ရှမ်းပြည်နယ် (မြောက်ပိုင်း) မှာ စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေတဲ့ တပ်မမှူးတစ်ယောက်ကို အသေရရှိတယ်ဆိုပြီး သတင်းလွှင့်နေတာရှိပါတယ်။ ကျွန်တော့်အနေနဲ့ ရှင်းရှင်း လင်းလင်းပြောချင်တာကတော့ သူတို့ပြောနေတဲ့ တပ်မမှူးဆိုတာ သည် ရှေ့တန်းမှာ စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်လျက်ရှိကြောင်း ပြောကြားလိုပါတယ်။ ဒီနေ့ဖြစ်စဉ်များနဲ့ပတ်သက်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ နန့်ခမ်းမှာ ထိတွေ့တိုက်ပွဲအနည်းငယ် ရှိပါတယ်။ လောက်ကိုင်ရဲ့အရှေ့တောင်ဘက်မှာ ထိတွေ့တိုက်ပွဲရှိပါ တယ်။ လောက်ကိုင်ကို ရှော့တိုက်ဒုံးနဲ့ပစ်တာတွေရှိပါတယ်။ ၁၀၅ မိုင်မှာလည်း ထိတွေ့တိုက်ပွဲရှိပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးဘက်မှာတော့ တမူးအောင်ဇေယျစခန်းကို လာရောက်ပစ်ခတ်တာရှိပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ပူးပေါင်းတပ်ဖွဲ့ဝင်များအနေနဲ့ ရွပ်ရွပ်ချွံချွံခုခံ ချေမှုန်းခဲ့တာကြောင့် ရန်သူအနေနဲ့ ထိခိုက်ဒဏ်ရာရရှိမှုများ ရှိတယ် ဆိုတာသိရပါတယ်။ သူတို့သိမ်းပိုက်ထားတယ်လို့ ကြွေးကြော်နေတဲ့ ခမ်းပါတ်တစ်ဝိုက်မှာလည်း စစ်ဆင်ရေးဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိပါတယ်။ အောင်မြင်မှုများရှိတယ်လို့ပဲ ကျွန်တော်ပြောချင်ပါတယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့ တပ်မတော်သည် မြန်မာနိုင်ငံလွတ်လပ်ရေးမရခင်ကတည်းကတိုင် လွတ်လပ်ရေးသည် ပထမ၊ လွတ်လပ်ရေးသည် ဒုတိယ၊ လွတ်လပ်ရေးသည် တတိယဆိုပြီး Ideology မျိုးနဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ထမ်းဆောင်ခဲ့ တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ယခင်ကတည်းကတိုင် တိုင်းပြည်ရဲ့လိုအပ်ချက်အရပေါ်ပေါက်လာတဲ့ ဆိုရှယ်လစ်စနစ်တည်ထောင် ရေးမှာလည်း အမျိုးသားအကျိုးစီးပွားတစ်ရပ်အနေနဲ့ ဆောင်ရွက်ခဲ့ တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးမည်သည့်အရောင်အသွေးမှမပါတဲ့၊ အမျိုးသားအကျိုးစီးပွားဖြစ်တဲ့ ဒို့တာဝန်အရေးသုံးပါးဖြစ်တဲ့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်လုံးညီညွတ်ရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုတဲ့ရပ်တည်ချက်အပေါ်မှာပဲရပ်တည်ပြီး အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်နေတာဖြစ်ပါတယ်။ အခုအချိန်အထိလည်း ကျွန်တော်တို့ အနေနဲ့ ဒို့တာဝန်အရေးသုံးပါးအပေါ်မှာရပ်တည်ပြီး ကာကွယ်စောင့်ရှောက်နေတာ ဖြစ်ပါတယ်။ ဒီလိုကာကွယ်စောင့်ရှောက်တဲ့နေရာမှာ ကျွန်တော်တို့အနေနဲ့ ဒီအချိန်မှာတော့ နိုင်ငံရေးရည်မှန်းချက်များ၊ အမျိုးသားရေးရည်မှန်းချက်များ ချမှတ်ပြီး ဆောင်ရွက်လျက် ရှိပါတယ်။ တပ်မတော်အစိုးရအနေနဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာအာမခံထားပြီးဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ် ကိုအခြေခံတဲ့ပြည်ထောင်စုစနစ်ကို ခိုင်ခိုင်မာမာအာမခံထားပြီး ဖြစ်ပါတယ်။
ဒီနေ့ နိုင်ငံတစ်ဝန်းလုံးမှာ အကြမ်းဖက်မှုများကို အားပေးလုပ်ဆောင်နေတဲ့ NUG ၊ PDF နဲ့ သူ့ရဲ့နောက်ကွယ်မှာရှိတဲ့ ဒီမိုကရေစီဆိုတဲ့ အမည်ခံထားတဲ့ နိုင်ငံကြီးများရဲ့လုပ်ဆောင်ချက်ပြန်ကြည့်ပါ။ မြန်မာနိုင်ငံမှာ အလုံးစုံပျက်သုဉ်းရေး ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဆရာ၊ ဆရာမတွေ၊ ဘုန်းကြီးတွေ၊ ကျန်းမာရေးဝန်ထမ်းတွေကို သတ်ရုံမကဘဲ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို တိုက်ရိုက်စော်ကားတာတွေ၊ ထိပါးတာတွေ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ အခြေခံအဆောက်အဦတွေဖြစ်တဲ့ လမ်းတံတားတွေ၊ လျှပ်စစ်တာဝါ တိုင်တွေ ဖျက်ဆီးနေတာကို တွေ့ရမှာဖြစ်ပါတယ်။ သူတို့အနေနဲ့ ကြွေးကြော်နေတာလည်း ဒီမိုကရေစီရရှိရေးဆိုတာမျိုး၊ ဖက်ဒရယ်ဆိုတဲ့ဟာမျိုး ကြွေးကြော်နေတာဖြစ်ပါတယ်။ ကျွန်တော် ဥပမာတစ်ခုပဲထုတ်ပြလိုပါတယ်။ ဒီလူတွေသည် မြန်မာနိုင်ငံမှာ အစိုးရ ၅ နှစ်လုပ်ခဲ့ဖူးပါတယ်။ သူတို့အနေနဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာမဲမသမာမှုနဲ့ နိုင်ငံတော်အာဏာကို မတရားရယူလိုမှုကြောင့်သာ ဒီလူတွေသည် လက်နက်ကိုင်လမ်းစဉ်ရွေးပြီး တောထဲရောက်သွားတာ ဖြစ်ပါတယ်။ သူတို့အစိုးရဖြစ်တုန်းက မှတ်မှတ်ရရ ယခုနိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်မှာ ဝန်ကြီးချုပ်များခန့်အပ်ခြင်း၊ ဝန်ကြီးချုပ်များရွေးချယ်ခြင်း ပုဒ်မ ၂၆၁ နဲ့ပတ်သက်ပြီး ပြင်ဆင်နိုင်ဖို့အတွက် တရားဝင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ ပြောခဲ့ဖူးပါတယ်။ ပုဒ်မ ၂၆၁ ရဲ့အနှစ်သာရအရ သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက လွှတ်တော်ကိုယ်စားလှယ်တွေထဲက လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကို သမ္မတကခန့်ရတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ အဲဒီအချိန် တုန်းက ဒီကိစ္စနဲ့ပတ်သက်ပြီး ရခိုင်လွှတ်တော်က သူတို့ထောက်ခံတဲ့ သူကိုတင်ချင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး တပ်မတော်အနေနဲ့လည်း လွှတ်တော်ကနေ အများစုထောက်ခံတဲ့ လွှတ်တော်ကိုယ်စားလှယ်ကို ပြည်နယ်နဲ့တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ခန့်အပ်ဖို့ စဉ်းစားသင့်တယ်လို့ ကျွန်တော်တို့ ပြောခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အခု ဒီမိုကရေစီတို့၊ ဖက်ဒရယ်တို့ ကြွေးကြော်နေတဲ့သူများသည် အစိုးရဖြစ်ပါတယ်။ တုတ်တုတ်မှမလှုပ်ခဲ့ပါဘူး။ အဲဒီတော့ ကျွန်တော်ပြောချင်တာက တိုင်းရင်းသားများအနေနဲ့ တိုင်းရင်းသားများ၊ ပြည်သူလူထုများ အလိုရှိတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို တပ်မတော်အစိုးရက ဦးဆောင် ပြီးဖော်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ အခုအထိ ဒီစနစ်ကိုအာမခံပါ တယ်လို့လည်း ပြောထားတာဖြစ်ပါတယ်။ တပ်မတော်အစိုးရသည် တပ်မတော်သည် ပါတီစုံဒီမိုကရေစီစနစ်ကို သံယောင်လိုက်နေတဲ့အဖွဲ့အစည်းမဟုတ်ပါဘူး။ ဦးဆောင်တည်ထောင်ခဲ့တာဖြစ်သလို ဘယ်လိုဖြေလျှော့မှုတွေလုပ်ရမယ်။ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ဘယ်လိုဆောင်ရွက်ပေးနိုင်မယ်ဆိုတာ အမြဲတမ်းတွေးတော နေတာဖြစ်ပါတယ်။ ဒီဟာကို သံယောင်လိုက်နေတဲ့ အဖွဲ့များအနေနဲ့ ခုနကပြောတဲ့ ပုဒ်မ ၂၆၁ ကိုပြင်ပါဆိုတဲ့အချိန်မှာ ဘယ်သူမှ တုတ်တုတ်မလှုပ်တာကို အားလုံးက သတိရမိမယ်ထင်ပါတယ်။ ဒါကြောင့် ကျွန်တော်ပြောချင်တာက ကျွန်တော်တို့အနေနဲ့ ဒို့တာဝန်အရေးသုံးပါးကို အမြဲတမ်းကာကွယ်စောင့်ရှောက်လျက်ရှိပါတယ်။ ဒီလိုအမြဲတမ်း ကာကွယ်စောင့်ရှောက်တဲ့နေရာမှာ အပြောနဲ့မဟုတ်ဘဲနဲ့လက်တွေ့အလုပ်နဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ အဲဒီတော့ အားလုံးသည် အပြောကိုပဲယုံကြမလား၊ လက်တွေ့အလုပ်ပေါ်မှာပဲမူတည်ပြီး ဆုံးဖြတ်ကြမလားဆိုတာကို တွေးတောဖို့ အချိန်တန်ပြီလို့ပြောချင်ပါတယ်။ ကျွန်တော်တို့နိုင်ငံသည် လွတ်လပ်ရေးရပြီးကတည်းကတိုင် လက်နက်ကိုင်ပဋိပက္ခများနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ လက်နက်ကိုင်ပဋိပက္ခများ အမြန်ချုပ်ငြိမ်းဖို့ဆိုတာသည် တပ်မတော်၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအပြင် ပြည်သူလူထုရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ပါဝင်မှုအရေးကြီးပါတယ်။ ဒီလိုမျိုးဆောင်ရွက်မှသာလျှင် ကျွန်တော်တို့ရည်မှန်းထားတဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်ကြီးဖြစ်လာမှာ ဖြစ်တဲ့အတွက်ကြောင့် ယနေ့ကျွန်တော်တို့နိုင်ငံမှာ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများမှာ ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ကြဖို့ တိုင်းရင်းသားအဖွဲ့အစည်းများအားလုံးက ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ကြဖို့ လိုအပ်ပါကြောင်း ပြောကြားလိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
