နေပြည်တော် ဒီဇင်ဘာ ၄
ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်နေပြည်သူများ၏ အဓိကဝင်ငွေဖြစ်သော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်ဆောင်ရွက်နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စုပေါင်း၍ ငွေကြေးစုဆောင်းခြင်း၊ ငွေကြေးစီမံ ခန့်ခွဲခြင်း၊ ငွေကြေးအရင်းအနှီး လှည့်ပတ်သုံးစွဲခြင်းတို့ကို စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်အတန်း ပြောင်းလဲတိုးတက်လာစေရန် ကိုရီးယားနိုင်ငံ ဆယ်မာအူးလ်ဂွန်ဂိုအဖွဲ့ချုပ်နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ မြန်မာဆယ်မာအူးလ်ဂွန်ဂို (ကျေးရွာငွေတိုက်) စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ရေဆင်းရှိ သင်တန်းကျောင်း၌ ဖွင့်လှစ်
အဆိုပါ မြန်မာဆယ်မာအူးလ်ဂွန်ဂို (ကျေးရွာငွေတိုက်) စီမံကိန်းတွင် ပါဝင်သော ကျေးရွာငွေတိုက် ၂၀ မှ ကျေးရွာခေါင်းဆောင်များ၊ ကျေးရွာငွေတိုက်တာဝန်ခံ စိုက်ပျိုးရေးဝန်ထမ်းများအတွက် “ မြန်မာဆယ်မာအူးလ်ဂွန်ဂို (ကျေးရွာငွေတိုက်) အွန်လိုင်းသင်တန်း” အမှတ်စဉ်(၁/၂၀၂၃)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုး ရေးသင်တန်းကျောင်းကို အခြေပြု၍ ဖွင့်လှစ်ခဲ့သည်။
လက်ရှိတွင် ကျေးရွာငွေတိုက် ၃၅ ခု ဖွင့်လှစ်ထားရှိ
ဒီဇင်ဘာ ၄ ရက်မှ ၆ ရက်အထိ သုံးရက်ကြာ ဖွင့်လှစ်မည့် မြန်မာဆယ်မာအူးလ်ဂွန်ဂို (ကျေးရွာ ငွေတိုက်) အွန်လိုင်းသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၇၅ ဦး တက်ရောက်လျက်ရှိပြီး လက်ရှိတွင် ကျေးရွာငွေတိုက် ၃၅ ခု ဖွင့်လှစ်ထားရှိကာ ငွေစုငွေချေးလုပ်ငန်းအပြင် ရရှိလာသည့် အကျိုးအမြတ်များဖြင့် ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်