နေပြည်တော် ဒီဇင်ဘာ ၃
ကျိုင်းတုံနှင့် မိုင်းဆတ်မြို့နယ်တို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂ ရက် ည ၈ နာရီတွင် ကျိုင်းတုံမြို့နယ် မိုင်းပန်လယ်အုပ်စု ပန်မတ်ကျေးရွာအနီးတွင် မနာဖေ့အား စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀၀၊ မော်တော်ဆိုင်ကယ်တစ်စီးနှင့် လည်းကောင်း၊ အလားတူ ယင်းနေ့ ည ၈ နာရီ ၄၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းဆတ်မြို့နယ် မယ်ပုလုံကျေးရွာအုပ်စု ဂျူးလုကျေးရွာအနီးတွင် လော်ကျားမောင်းနှင်ပြီး လီမာလိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၂၀၀ ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ကိုမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်
