ကွမ်ကျိုး ဒီဇင်ဘာ ၃
(၅)ကြိမ်မြောက် ကမ္ဘာ့မီဒီယာထိပ်သီးညီလာခံ (5th World Media Summit) ကို ယနေ့နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ကွမ်တုံပြည်နယ် ကွမ်ကျိုးမြို့ရှိ LN – Garden Hotel, Nansha Bay Marina Convention Center ၌ကျင်းပရာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ မီဒီယာဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာတင်နှင့်အဖွဲ့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် တရုတ်ကွန်မြူနစ်ပါတီ ပြည်သူ့ရေးရာဌာနမှ ဒုတိယဌာနကြီးမှူး ဟူဟေပင်၊ ကွမ်တုံပြည်နယ်အကြီးအကဲ ဝယ်ဝေဇင်း၊ ကွမ်ကျိုးခေတ္တ မြို့တော်ဝန် စန်ဇီယန်း၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးရုံး၊ နိုင်ငံတကာဆက်ဆံရေး တာဝန်ခံ မီးစ်မီလစ်ဆာ ဖဲလ်မင်းနှင့် ဆင်ဟွာ၊ ကျိုဒို၊ ရိုက်တာ၊ ရုရှား - တာ့စ်၊ တရုတ်ပြည်သူ့နေ့စဉ် ၊ AFP ၊ Associated Press၊ CMG၊ ဟိန္ဒူသတင်းအုပ်စု၊ တောင်အာဖရိကလွတ်လပ်သည့် သတင်းဌာနတို့မှ အကြီးအကဲများက မိန့်ခွန်းပြောကြားကြသည်။
ထို့ပြင် ဆင်ဟွာသတင်းဌာနအကြီးအကဲ မစ္စတာဖူဟွာက 5th Word Media Summit ၏ ညီလာခံဆိုင်ရာ အဖွင့်နှင့် အနှစ်ချုပ်တို့ကို ကြေညာသည်။
ယခု ညီလာခံဆောင်ပုဒ်ကို “ကမ္ဘာလုံးဆိုင်ရာ ယုံကြည်မှုမြှင့်တင်ရန်နှင့် မီဒီယာဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရန် ” (Boosting Global Confidence, Promoting Media Development)ဟု သတ်မှတ်ပြီး တရုတ်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျပန်၊ ပေါ်တူဂီ၊ ရုရှားနှင့် စပိန်ဘာသာတို့ဖြင့် ဘာသာပြန်ဆိုကျင်းပသည်။
ညီလာခံနှင့် ဆွေးနွေးပွဲများတွင် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် ပိုမိုကောင်းမွန်သည့် သဘောထားအမြင်များ (Media Development: New Technology, Better Vision)၊ မီဒီယာဈေးကွက်တွင် မိတ်ဖက်အဖွဲ့အစည်းသစ်များနှင့် ဈေးကွက်သစ်များ (Media Marketing: New Partners, New Markets)၊ သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်မှု၏ အနှစ်သာရဖြစ်သော လူထုအရေးပေါ်ကျန်းမာရေးအခြေအနေတွင် မီဒီယာတုံ့ပြန်ဆောင်ရွက်မှု (In the Spirit of Science and Cooperation: Media Response in Public Health Emergencies)၊ လူ့အဖွဲ့အစည်းများအကြား မီဒီယာ၏ပေါင်းကူးဆက်သွယ်မှု (Media: A Bridge Among Civilizations)၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွင်း မီဒီယာ၏အခန်းကဏ္ဍ (Media’s Role in Global Development) ဆိုင်ရာများကို ဆွေးနွေးကြသည်။
ကမ္ဘာ့မီဒီယာညီလာခံကို နိုင်ငံတကာမီဒီယာများ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဆင်ဟွာ၊ အေပီ၊ ရိုက်တာ၊ ရုရှား - တာ့စ်၊ ကျိုဒိုသတင်းဌာနတို့အပါအဝင် ကမ္ဘာ့နာမည်ကြီးမီဒီယာ အဖွဲ့အစည်းကြီးများက စုပေါင်း၍ ၂၀၀၉ ခုနှစ် မှစတင်ကာ ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့မီဒီယာညီလာခံများကို ပထမအကြိမ်အဖြစ် ၂၀၀၉ ခုနှစ်တွင် တရုတ်နိုင်ငံပေကျင်းမြို့၌ နိုင်ငံနှင့်ဒေသပေါင်း ၇၀ ကျော်ရှိ မီဒီယာ ၁၇၀ ကျော်မှ ကိုယ်စားလှယ် ၃၀၀ ကျော်တက်ရောက်မှုဖြင့်လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ၂၀၁၂ ခုနှစ်တွင် ရုရှားနိုင်ငံ မော်စကိုမြို့၌ နိုင်ငံနှင့်ဒေသပေါင်း ၁၀၂ ခုရှိ မီဒီယာ ၂၁၃ ခုမှ ကိုယ်စားလှယ် ၃၀၀ ကျော်တက်ရောက်မှုဖြင့်လည်းကောင်း၊ တတိယအကြိမ်အဖြစ် ၂၀၁၆ ခုနှစ်တွင် ကာတာနိုင်ငံ ဒိုဟာမြို့၌ နိုင်ငံပေါင်း ၁၀၀ မှ ကိုယ်စား လှယ် ၃၅၀ ကျော်တက်ရောက်မှုဖြင့်လည်းကောင်း၊ စတုတ္ထအကြိမ်ကို ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားခဲ့မှုကြောင့် တရုတ်နိုင်ငံ ပေကျင်းမြို့မှ Video Conference စနစ်ဖြင့် ကျင်းပရာ နိုင်ငံတကာရုပ်သံသတင်းဌာန ၂၆၀ ကျော်မှ ကိုယ်စားလှယ်ပေါင်း ၄၀၀ ခန့် တက်ရောက်မှုဖြင့်လည်းကောင်း ကျင်းပခဲ့ပြီး ယခု ၂၀၂၃ ခုနှစ်တွင် ပဉ္စမအကြိမ်အဖြစ် တရုတ်နိုင်ငံ ကွမ်တုံပြည်နယ် ကွမ်ကျိုးမြို့၌ကျင်းပရာ နိုင်ငံနှင့်သတင်းဌာန ၂၀၀ ကျော်မှ ကိုယ်စားလှယ် ၄၅၀ ကျော် တက်ရောက်ကြသည်။
သတင်းစဉ်
