နေပြည်တော် ဒီဇင်ဘာ ၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေသည့် သမဝါယမလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီခရိုင် လှည်းကူးမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ကျောက်အိုင်-ကြာကန်စုကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက စီမံကိန်းလုပ်ငန်းများ သတ်မှတ်ဘဏ္ဍာနှစ်အတွင်း စံချိန်စံညွှန်း အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးရေး မှာကြားကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ အဆိုပါ ကျေးရွာချင်းဆက်လမ်းသည် အိမ်ခြေ ၁၆၁၃ အိမ်၊ လူဦးရေ ၆၇၆၀၊ စိုက်ပျိုးမြေလယ်ဧက ၃၀၀ ကျော်နှင့် ကျေးရွာရှိ ကျောင်းသား ကျောင်းသူ ၃၀၀ အတွက် အကျိုးပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လှည်းကူးမြို့နယ် ခရောင်ကျေးရွာသို့ရောက်ရှိပြီး ကျေးရွာခန်းမ၌ နွေစပါးစိုက်ပျိုးမည့် သမဝါယမအသင်း (၆)မှ အသင်းသားတောင်သူ ၁၅၀၊ ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် တိုင်းဒေသကြီး သမဝါယမဦးစီးမှူးက နွေစပါးစိုက်ပျိုးမည့် စီမံကိန်းလျာထားချက်လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သမဝါယမအသင်းသား တောင်သူများအနေဖြင့် အထွက်တိုးမျိုးစပါးများ အသုံးပြုရေး၊ နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးရေးတို့ကို လိုက်နာဆောင်ရွက်ရန်၊ သမဝါယမချေးငွေများနှင့် စိုက်ပျိုးရေးဘဏ်ချေးငွေများကိုလည်း တာဝန်သိမှုဖြင့် အပြေအကျေ ပြန်ဆပ်ကြရန် တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီးက တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် စပါးစနစ်တကျစိုက်ပျိုးနိုင်ရေး စပါးအစေ့ချစက် Seeder များအား သက်သာသောနှုန်းထားဖြင့် ထောက်ပံ့ဖြန့်ဖြူးပေးရန် စီစဉ်ဆောင်ရွက်နေမှုအခြေအနေများ၊ စိုက်ပျိုးရေးကုန်ကျစရိတ်သက်သာပြီး ပင်ကြားတန်းကြား ညီညီညာညာ စိုက်ပျိုးနိုင်မည့်အခြေအနေများကို ဖြည့်စွက်ရှင်းလင်းတင်ပြပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်တာဝန်ရှိသူက စိုက်ပျိုးနည်းစနစ်များနှင့်ပတ်သက်ပြီး ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးတို့က စိမ်းလဲ့ဦးစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းနှင့် စိန်ရွှေထွန်း စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းတို့၏ လယ်မြေ ၄၁၄ ဧကအတွက် GW-11 မျိုးစပါးအိတ် ၄၁၄ အိတ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လှည်းကူးမြို့နယ် ဝါးယားကုန်းကျေးရွာသို့သွားရောက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ရန်ပုံငွေဖြင့် ဌာနနှင့် ပြည်သူပူးပေါင်းဆောင်ရွက်သော ရွာတွင်းလမ်းအရှည် ပေ ၆၄၀ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
