Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဒီဇင်ဘာ ၃

၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II)၌ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်မှအဆင့်မြင့် အရာရှိကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်မှ တာဝန်ရှိသူများ၊ မသန်စွမ်းသူများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကားပြောကြားရာတွင် မသန်စွမ်းမှုဆိုင်ရာအရေးကိစ္စများကို သိရှိနားလည်နိုင်စွမ်းမြှင့်တင်ရန်၊ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေးနှင့် အကျိုးစီးပွားတို့ကို ပံ့ပိုးကူညီဆောင်ရွက်နိုင်ရေးစည်းရုံး လှုံ့ဆော်ရန်အတွက် ဒီဇင်ဘာလ(၃)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အဖြစ်သတ်မှတ်ပြီး ကုလသမဂ္ဂကဦးဆောင်ပြီး ကမ္ဘာတစ်ဝန်းနှစ်စဉ်ကျင်းပလျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအတွင်းရှိ မသန်စွမ်းသူများ၏ ဘဝအရည်အသွေးပိုမိုဖွံ့ဖြိုးလာစေရန်၊ အများပြည်သူနည်းတူ တန်းတူညီမျှအခွင့်အရေးရရှိရေး ကြိုးပမ်းဖော်ဆောင်ရန်၊ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာနှင့် စွမ်းဆောင်ရည်တို့ကို အလေးဂရုပြုတတ်စေရန်စသည့် ရည်ရွယ်ချက်များနှင့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားများကို ၁၉၉၄ ခုနှစ်ကစ၍ အစဉ်အလာမပျက်ကျင်းပခဲ့ရာ ယခုနှစ်အထိ အကြိမ်(၃၀)ပြည့်မြောက်ပြီဖြစ်ကြောင်း။

၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အတွက် ကုလသမဂ္ဂအဖွဲ့ကြီးက သတ်မှတ်ပေးသည့် ဦးတည်ဆောင်ပုဒ်အနေဖြင့် “United in action to rescue and achieve the SDGs for, with and by persons with disabilities” “စဉ်ဆက်မပြတ်ဖွံ့ဖြိုးဖို့ မသန်စွမ်းသူများနှင့်အတူ ကူညီဆောင်ရွက်စို့” ပင်ဖြစ်ကြောင်း၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် Sustainable Development Goals (၁၇)ချက်ကို ၂၀၁၅ ခုနှစ်တွင် ကုလသမဂ္ဂအထွေထွေ ညီလာခံက ချမှတ်ခဲ့ပြီး ကမ္ဘာတစ်ဝန်း ရင်ဆိုင်ကြုံတွေ့နေရသည့် လူမှုရေး၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် ရည်ရွယ်ချက်ထားရှိကြောင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များအနက် ပန်းတိုင်အမှတ် ၁၊ ၄၊ ၈၊ ၁၀၊ ၁၁ နှင့် ၁၇ တို့သည် မသန်စွမ်းသူများနှင့်ဆက်စပ်နေသည့် ပန်းတိုင်များဖြစ်ကြောင်း။

“ပန်းတိုင်အမှတ် - ၁” အနေဖြင့် ဆင်းရဲနွမ်းပါးမှုကို နေရာတိုင်းတွင် အဆုံးသတ်စေရေးပင်ဖြစ်ကြောင်း၊ မသန်စွမ်းသူများအနေဖြင့် ပညာရေး၊ အလုပ်အကိုင်ရရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူမှုကာကွယ်စောင့်ရှောက်မှုများရရှိရေးအတွက် အခက်အခဲများကြုံတွေ့နေရပြီး ဆင်းရဲနွမ်းပါးမှုနှင့်ရင်ဆိုင်ကြရကြောင်း၊ ထို့ကြောင့် ဆင်းရဲနွမ်းပါးမှုအဆုံးသတ်စေရေးဆောင်ရွက်ရာတွင် အားလုံးပါဝင်သည့် ဖွံ့ဖြိုးမှုမဟာဗျူဟာ Inclusive Development Strategies ကို ချမှတ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပြီး မသန်စွမ်းသူများ၏ အခွင့်အရေး၊ လိုအပ်ချက်နှင့် စွမ်းဆောင်နိုင်မှုများကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း။

ဘဝသက်တမ်းတစ်လျှောက် သင်ယူလေ့လာနိုင်စေရေးစီစဉ်

“ပန်းတိုင်အမှတ် - ၄” ၏ ရည်ရွယ်ချက်အနေဖြင့် အားလုံးအကျုံးဝင်ပြီး အရည်အသွေးမီညီမျှသည့် ပညာရေးကိုရရှိစေရေးနှင့် အစဉ်လေ့လာသင်ယူနိုင်ရေးပင်ဖြစ်ကြောင်း၊ မသန်စွမ်းသူ ကျောင်းသား ကျောင်းသူများအနေဖြင့် မိမိတို့ စွမ်းဆောင်ရည် ရှိသလောက် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အမှီအခိုကင်းစွာ ဘဝရပ်တည်နေထိုင်နိုင်စေရေးအတွက် အားလုံးအကျုံးဝင်ပညာရေး Inclusive Education ပေါ်ပေါက်လာစေရေး ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ အသက်မွေးဝမ်းကျောင်းပညာသင်ကြားနိုင်ရေး၊ ဘဝသက်တမ်းတစ်လျှောက် သင်ယူလေ့လာနိုင်စေရေး စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။

မိမိကိုယ်ကိုယ်ယုံကြည်မှုနှင့် အရည်အသွေးကိုမြှင့်တင်ပေး

“ပန်းတိုင်အမှတ် - ၈” သည် သင့်လျော်သည့် အလုပ်အကိုင်ရရှိရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးကို ရည်ရွယ်ထားခြင်းဖြစ်ကြောင်း၊ ထုတ်လုပ်နိုင်စွမ်းရှိသည့် လုပ်သားအင်အားစုမှာ မသန်စွမ်းသူများကိုလည်း နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်တစ်ခုအဖြစ် ထည့်သွင်းစဉ်းစားပြီး ပံ့ပိုးဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မသန်စွမ်းသူများ၏ ၈၅ ရာခိုင်နှုန်းသည် အလုပ်လက်မဲ့ဖြစ်ကြပြီး အလုပ်လုပ်ရန်ဆန္ဒရှိ၊ စွမ်းဆောင်ရည် ရှိကြသော်လည်း အလုပ်ရှင်အများစုက ငြင်းပယ်ကြသည့်အတွက် အလုပ်ရရှိရန်၊ အလုပ်လုပ်ကိုင်နိုင်ရန် အခက်အခဲရှိသူများဖြစ်ကြသည်ကို လေ့လာသိရှိရပါကြောင်း၊ မသန်စွမ်းသူများအနေဖြင့် သင့်တော်သည့် အလုပ်အကိုင်ရရှိရေး၊ အတားအဆီးကင်းသည့် လုပ်ငန်းခွင်ဖြစ်ပေါ်ရေး၊ အခြားသူများနှင့် တန်းတူကိုယ်ပိုင်ဝင်ငွေနှင့် ခံစားခွင့်များရရှိရေးတို့ကို ဆောင်ရွက်ပေးရမည်ဖြစ်သကဲ့သို့ မသန်စွမ်းသူများ ကိုယ်တိုင်အလုပ်လုပ်လိုစိတ် ဖြစ်ပေါ်လာစေရေးအတွက် မိမိကိုယ်ကိုယ်ယုံကြည်မှုနှင့် အရည်အသွေးကို မြှင့်တင်ပေးကြရမည်ဖြစ်ကြောင်း။

“ပန်းတိုင်အမှတ်-၁၀” ၏ ရည်ရွယ်ချက်သည် နိုင်ငံတွင်းနှင့် နိုင်ငံများအကြား မညီမျှမှုလျှော့ချရေးပင်ဖြစ်ကြောင်း၊ မသန်စွမ်းသူများအနေနှင့် လူ့အဖွဲ့အစည်းအတွင်းတွင် ပါဝင်ဆောင်ရွက်ခွင့် နည်းပါးခြင်း၊ ခွဲခြားဆက်ဆံခံရခြင်းတို့ကို ယနေ့ထိ ကြုံတွေ့နေရဆဲပင်ဖြစ်ကြောင်း၊ မြန်မာ့လူ့ဘောင်၏ ယဉ်ကျေးမှုနှင့် လူမှုဆက်ဆံရေးတွင် ကြီးသူကိုရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနား၊ အားနည်းသူကို ဖေးမ ကူညီဆိုသည့် စိတ်နေစိတ်ထားများ ရှိပြီးဖြစ်သည်နှင့်အညီ မသန်စွမ်းသူများကို လူမှုအသိုင်း အဝိုင်းထဲက ပစ်ပယ်မထားဘဲ အားပေးကူညီပေးလျက်ရှိကြကြောင်း၊ မသန်စွမ်းသူများကို စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာပါ ကျန်းမာကြံ့ခိုင်လာပြီး မသန်သော်လည်း စွမ်းသူများအဖြစ် ရောက်ရှိအောင် ကူညီဖေးမသွားကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မသန်စွမ်းသူများ၏ အခွင့်အရေးများကို သိရှိနားလည်စေရေး အသိပညာပေးဆောင်ရွက်သွားရမည်ဖြစ်သကဲ့သို့ မသန်စွမ်းသူများအတွက် ဆောင်ရွက်ပေးနေသည့် ဝန်ဆောင်မှုများကို မသန်စွမ်းသူများ ကိုယ်တိုင်သိရှိစေရေးနှင့် လက်လှမ်းမီ ရယူအသုံးပြုနိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်ပေးသွားကြရန်လိုကြောင်း။

သွားလာနေထိုင် ပါဝင်ဆောင်ရွက်

“ပန်းတိုင်အမှတ် - ၁၁” သည် အားလုံးအကျုံးဝင်ပြီး စဉ်ဆက်မပြတ် တိုးတက်မှုကို ဖြစ်စေမည့် မြို့ပြများနှင့် လူနေရပ်ကွက်များထူထောင်ရေးကို ရည်မှန်းထားရှိကြောင်း၊ အများပြည်သူသုံးယာဉ်များကို မသန်စွမ်းသူများ အသုံးပြုနိုင်ရေးဆောင်ရွက်ခြင်း၊ အများပြည်သူနှင့်ဆိုင်သည့်နေရာ၊ အဆောက်အဦများကို အတားအဆီးကင်းမဲ့စွာ သွားလာနိုင်စေရေး Barrier Free ဖြစ်စေရေးတို့ကို စီစဉ်ဆောင်ရွက်ခြင်းတို့နှင့် မသန်စွမ်းသူများအနေဖြင့် အခြားသူများနည်းတူသွားလာနေထိုင် ပါဝင်ဆောင်ရွက်နိုင်ကြစေရန် စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။

“ပန်းတိုင်အမှတ်- ၁၇” သည် မျှော်မှန်းထားသည့် ရည်မှန်းချက်ပန်းတိုင်များ ရရှိစေရေးအတွက် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရေးဖြစ်ကြောင်း၊ အစိုးရများအကြား၊ အစိုးရနှင့် လူမှုအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်သကဲ့သို့ မသန်စွမ်းသူများနှင့် မသန်စွမ်းအဖွဲ့အစည်းများ၏ ပါဝင်ဆောင်ရွက်မှုကိုလည်း လိုအပ်မည်ဖြစ်ကြောင်း၊ မသန်စွမ်းသူများအနေဖြင့် ဆုံးဖြတ်ချက်ချမှတ်သည့် အဆင့်များတွင် ပါဝင်နိုင်စေရေးနှင့် မသန်စွမ်းသူများ၏ အမြင်နှင့်သဘောထားကို အလေးထားထည့်သွင်းပေးရေးတို့ကိုလည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်တွင် ကုလသမဂ္ဂမသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကွန်ဗင်းရှင်းကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေနှင့် ၂၀၁၇ ခုနှစ်တွင် နည်းဥပဒေများကို အသီးသီးပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း။

အကောင်အထည်ဖော် ဆောင်ရွက်နေ

ထို့အပြင် “မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီ” ကို ၂၀၁၇ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံချက်၊ အာဆီယံမဟာဗျူဟာလုပ်ငန်းစဉ် ၂၀၁၅ တို့နှင့်အညီ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ(၅) နှစ်စီမံကိန်း ၂၀၂၂-၂၀၂၇ ကို အတည်ပြုပြဋ္ဌာန်း အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း။

မဟာဗျူဟာ (၅) နှစ်စီမံကိန်းတွင် မသန်စွမ်းသူများအတွက် ကျန်းမာရေး၊ ပညာရေး၊ လုပ်ငန်းနှင့် အလုပ်အကိုင်၊ လူမှုကာကွယ်စောင့်ရှောက်ရေး၊ သဘာဝဘေးနှင့် အခြားအရေးပေါ်အခြေအနေ၊ အလွယ်တကူ လက်လှမ်းမီရယူ အသုံးပြုနိုင်မှုစသည့် ကဏ္ဍစုံပါရှိကြောင်း၊ မဟာဗျူဟာ(၅) နှစ်စီမံကိန်း၏ လုပ်ငန်းစီမံချက်များကိုလည်း ရေးဆွဲအတည်ပြုထားပြီးဖြစ်၍ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

မဟာဗျူဟာအခန်းတစ်ခုချင်းစီအလိုက် လေ့လာကြည့်ပါက စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ Sustainable Development Goals နှင့် ချိတ်ဆက်နေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မဟာဗျူဟာ(၅)နှစ်စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ Sustainable Development Goals ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း။

ပူးပေါင်းကူညီဆောင်ရွက်ပေး

ယခု ၂၀၂၃ ခုနှစ်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့၏ ဦးတည်ဆောင်ပုဒ်ဖြစ်သည့် “စဉ်ဆက်မပြတ်ဖွံ့ဖြိုးဖို့ မသန်စွမ်းသူများနှင့်အတူ ကူညီဆောင်ရွက်စို့”နှင့်အညီ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ Sustainable Development Goals ရရှိစေရေး ဦးတည်ဆောင်ရွက်ကြရာတွင် မသန်စွမ်းမှုကိုအကြောင်းပြုပြီး ချန်လှပ်ထားခဲ့ခြင်းမရှိစေဘဲ မည်သူတစ်ဦး တစ်ယောက်မျှ နောက်ကျ မကျန်ရစ်စေရေး Leaving no one behind မူကို လက်ကိုင်ထားပြီး မသန်စွမ်းသူများ၏ အခွင့်အရေးကို မသန်စွမ်း သူများနှင့်အတူ ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ရှင်းလင်းတင်ပြ

ထို့နောက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဒုတိယဥက္ကဋ္ဌ(၁) ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ဆောင်ရွက်ထားမှုများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ပေးပို့သည့်သဝဏ်လွှာ ဗီဒီယိုမက်ဆေ့နှင့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ် ဗီဒီယိုမှတ်တမ်းတို့ကို ပြသသည်။

ဆက်လက်၍ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ(၂) မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်ဥက္ကဋ္ဌ ဦးသိန်းဟန်သူက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဂုဏ်ပြုဆုများချီးမြှင့်

ထို့နောက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အလွတ်တန်းဆောင်းပါးပြိုင်ပွဲတွင် ဂုဏ်ပြုဆုရရှိကြသူများကို ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဗိုလ်ချုပ်ကြီး တင်အောင်စန်းတို့က အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသူများနှင့် မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ ခရီးသွားလာရေးဂုဏ်ပြုဆုရရှိကြသူများအားလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းက မသန်စွမ်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရေး ဂုဏ်ပြုဆုရရှိသူကိုလည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ကပြဖျော်ဖြေတင်ဆက်

ဆက်လက်၍ နားမကြားသော ကလေးများကျောင်း(မန္တလေး)မှ မသန်စွမ်းကလေးများက အီနောင်အကဖြင့်လည်းကောင်း၊ မသန်စွမ်းသက်ငယ် သင်တန်းကျောင်း(ရန်ကုန်)မှ မသန်စွမ်းကလေးများက ဦးရွှေရိုး နှင့် ဒေါ်မိုးအကဖြင့် လည်းကောင်း ကပြဖျော်ဖြေတင်ဆက်ကြသည်။

မှတ်တမ်းတင်ဓာတ်ပုံရိုက်

ထို့နောက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ခင်းကျင်းပြသထားသည့် မသန်စွမ်းသူများနှင့် သက်ဆိုင်သောစာအုပ်များ၊ လက်မှု ထုတ်ကုန်ပစ္စည်းများနှင့် အထိမ်းအမှတ် ဓာတ်ပုံပြခန်းများကို ကြည့်ရှုခဲ့ကြောင်းနှင့် သီးခြားအစီအစဉ်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အီနောင်အကဖြင့် ကပြဖျော်ဖြေခဲ့သည့် နားမကြားသောကလေးများ ကျောင်း(မန္တလေး)မှ မသန်စွမ်းကလေးများအား ဆုတော်ငွေကျပ် ၁၀သိန်းကိုလည်းကောင်း၊ ဦးရွှေရိုးနှင့် ဒေါ်မိုးအကဖြင့် ကပြဖျော်ဖြေခဲ့သည့် မသန်စွမ်းသက်ငယ် သင်တန်းကျောင်း(ရန်ကုန်)မှ မသန်စွမ်းကလေးများအား ဆုတော်ငွေကျပ် ငါးသိန်းကိုလည်းကောင်း ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်