နေပြည်တော် ဒီဇင်ဘာ ၃
အကြမ်းဖက်သမားများအနေဖြင့် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်နှင့် ကုန်စည်စီးဆင်းမှုများ ရပ်တန့်စေရန် ရည်ရွယ်၍ စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားများနေထိုင်ရာ ရပ်ကွက်များ၊ မြို့၊ ရွာများ၊ ပညာရေးကျောင်းများ၊ သာသနိကအဆောက်အဦများအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခြင်း၊ အများပြည်သူအသုံးပြုသွားလာလျက်ရှိသည့် လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ နိုင်ငံတော်ပိုင်ပစ္စည်းများအား အဓမ္မယူဆောင်ခြင်း၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်လျက်ရှိသည့် အပြစ်မဲ့ပြည်သူများအားလည်း အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်ခြင်း၊ သတ်ဖြတ်ခြင်း စသည့်ဖြင့် အကြမ်းဖက်လုပ်ရပ်များကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ AA အကြမ်းဖက်အဖွဲ့သည် နိုဝင်ဘာ ၂၆ ရက် ညနေ ၅ နာရီ ၄၀ မိနစ်ခန့်တွင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးရှိ ဌာနပိုင်မော်တော်ယာဉ် ၂ စီးအားလည်းကောင်း၊ နိုဝင်ဘာ ၂၈ ရက် နေ့လယ် ၁ နာရီခွဲခန့်တွင် မြောက်ဦးမြို့၊ အလယ်ဈေးရပ်ကွက်ရှိ ရှေးဟောင်းသုတေသနဦးစီးဌာန၊ ကမ္ဘာ့အမွေအနှစ်စီမံခန့်ခွဲရေးရုံးရှိ ဌာနပိုင်မော်တော်ယာဉ် ၃ စီးတို့အားလည်းကောင်း၊ နိုဝင်ဘာ ၂၉ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် မြောက်ဦး-စစ်တွေ ကားလမ်းမကြီးဘေးရှိ မြို့နယ်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနပိုင် မော်တော်ယာဉ် ၂ စီးအားလည်းကောင်း၊ နိုဝင်ဘာ ၃၀ ရက် နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် မြောက်ဦးမြို့ ခရိုင်သာသနာရေးဝန်ကြီးဌာနပိုင် မော်တော်ယာဉ် ၁ စီး အားလည်းကောင်း၊ နိုဝင်ဘာ ၃၀ ရက် နံနက် ၉ နာရီခွဲခန့်တွင် မြောက်ဦးမြို့ ခရိုင်ရွေးကောက်ပွဲရုံးရှိ ဌာနပိုင်မော်တော်ယာဉ် ၁ စီး၊ စုစုပေါင်းမော်တော်ယာဉ် ၉ စီးအား လက်နက်ငယ်ကိုယ်စီကိုင်ဆောင်ကာ အတင်းအဓမ္မ လာရောက်ယူဆောင်သွားခဲ့ကြောင်း သိရှိရသည်။
AA အကြမ်းဖက်အဖွဲ့အနေဖြင့် အစိုးရ၏အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသည့် နိုင်ငံတော်ပိုင်ပစ္စည်းများအား ယခုကဲ့သို့ အတင်းအဓမ္မ လာရောက်ယူဆောင်ခြင်းဖြစ်ပြီး ဒေသတွင်းတည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် လုပ်ဆောင်လျက်ရှိသဖြင့် ဒေသခံပြည်သူလူထုတို့၏ လူမှုစီးပွားဘဝများစွာ ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် အကြမ်းဖက်မှုချေမှုန်းရေး စစ်ဆင်ရေးကို ပြည်သူလူထုနှင့်ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။