Skip to main content

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်သားများအား ထောက်ခံပွဲကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၃

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်နေကြသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များနှင့် ၎င်းတို့၏ မိသားစုဝင်များအားလုံးကို ငြိမ်းချမ်းရေးလိုလားသည့် ပြည်သူများက အားပေးထောက်ခံလျက်ရှိကြသည်။

ထိုသို့ အားပေးထောက်ခံလျက်ရှိရာ ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့အတွင်းရှိ ငြိမ်းချမ်းရေးကိုလိုလားသည့် သံဃာတော်များနှင့် ပြည်သူများစုစည်း၍ တိုင်းပြည်အလုံးစုံပျက်စီးရေး လုပ်ဆောင်နေကြသည့် KIA ၊ TNLA ၊ MNDAA ၊ AA နှင့် PDF အမည်ခံ အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူများအား ဆန့်ကျင်ရှုတ်ချပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေကြသည့် တပ်မတော်သားများအား ထောက်ခံအားပေးပွဲကို ကျင်းပပြုလုပ်သည်။

ဦးစွာ မြိတ်မြို့အတွင်းရှိ ငြိမ်းချမ်းရေးကိုလိုလားသည့် သံဃာတော်များနှင့် ပြည်သူအင်အား(၂၀၀၀)ခန့်သည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ကန်ကြီးရပ်ကွက်၊ ဘုရားငါးဆူလမ်း၊ မြို့မဘောလုံးကွင်းအတွင်း၌ အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူများအား ဆန့်ကျင်ရှုတ်ချပြီး တပ်မတော်သားများအား ထောက်ခံအားပေးသည့် ကြွေးကြော်သံများ ဟစ်ကြွေး၍ ဆန္ဒထုတ်ဖော်ကြသည်။

ထို့နောက် အမျိုးသားရေးတက်ကြွလှုပ်ရှားသူများက နိုင်ငံတော်သီချင်းကို သံပြိုင်ရွတ်ဆိုကာ ထောက်ခံပွဲကို ဖွင့်လှစ်ခဲ့ပြီး အစွန်းရောက်အကြမ်းဖက်သမားများ၏ ယုတ်မာကောက်ကျစ်မှုများ၊ အကြမ်းဖက်သတ်ဖြတ်မှုများ၊ အကြမ်းဖက်လုပ်ရပ်များနှင့်ပတ်သက်၍ အမျိုးသားရေးတက်ကြွလှုပ်ရှားသူများက ရှင်းလင်းဟောပြောခြင်းကို ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။

၎င်းနောက် “အမျိုးဘာသာသာသနာကို စောင့်ရှောက်ပေးသော တပ်မတော်အားထောက်ခံပါသည်၊ တပ်နှင့်ပြည်သူအတူတူ သွေးခွဲလာသူဒို့ရန်သူ၊ ရှေ့တန်းရောက်တပ်မတော်သားများကျန်းမာပါစေ၊ ပြည်သူတို့၏ အကျိုးအမှန်ဖော်ဆောင်သည့် တပ်မတော်ကိုထောက်ခံပါသည်၊ တရားသောစစ်အောင်ရမည်၊ အစဉ်အလာကောင်းတဲ့တပ်မတော် ဒို့တပ်မတော်၊ မြန်မာ့တပ်မတော်အား အပြည့်အဝထောက်ခံအပ်ပါသည်၊ အကြမ်းဖက် PDF များ ကျဆုံးပါစေ၊ စွန့်လွှတ်စွန့်စား တပ်မတော်သားများ အောင်မြင်ပါစေ၊ KIA အလိုမရှိ၊ TNLA အလိုမရှိ၊ MNDAA အလိုမရှိ၊ AA အလိုမရှိ၊ PDF အလိုမရှိ” စသည့် ကြွေးကြော်သံများကို သံပြိုင်ကြွေးကြော်ခဲ့ကြပြီး အခမ်းအနားကိုရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါပွဲသို့ တက်ရောက်လာကြသည့် ပြည်သူများ၏ ရင်တွင်းစကားသံများကိုလည်း ယခုလို တင်ပြလိုက်ပါသည်-

ဦးလှဖြိုး ကျွဲကူးကျေးရွာအုပ်စုစန္ဒဝတ်ကျေးရွာ

ကျွန်တော် ဒီတပ်မတော်ထောက်ခံပွဲကိုလာရတဲ့ အကြောင်းရင်းကတော့ တပ်မတော်သားတွေကို အားပေးချင်တာလည်းပါတယ်။ အမျိုးဘာသာသာသနာကို ဖျက်ဆီးနေတဲ့ KIA ၊ TNLA ၊ MNDAA နဲ့ အကြမ်းဖက် PDF တွေကို တိုက်ခိုက်နေတဲ့အတွက် ထောက်ခံချင်လို့လည်းပါပါတယ်။ အခုဖြစ်နေတဲ့ နိုင်ငံရေးအခင်းအကျင်းမှာဆိုရင် ပြည်သူတွေအသုံးပြုနေတဲ့ လမ်းတံတားတွေကို ဖျက်ဆီးတာလည်း PDF တွေပဲ ဖြစ်ပါတယ်။ သတင်းတွေလည်းကြားကြမှာပါ။ ဒါတွေကို လူတိုင်းကသိကြတာပါပဲ။ အခု ကုန်ဈေးနှုန်းတွေတက်လာတာလည်း ဒီ PDF တွေက လမ်းတံတားတွေကို ဖျက်ဆီးပစ်ကြလို့ ကုန်ဈေးနှုန်းတွေတက်လာကြတာ။ လမ်းပန်းဆက်သွယ်ရေး မကောင်းဖြစ်ကြတာ။ အဲဒီတော့ ကျွန်တော်တို့က တပ်မတော်ကိုပဲအားပေးတယ်။ အမြဲတမ်းလည်း အားပေးပြီးတော့ ရင်ထဲမှာ ထာဝရတပ်မတော်ကိုပဲ အားပေးနေဦးမှာပါ။

သတင်းစဉ်