နေပြည်တော် ဒီဇင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ ဧရာကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရဲတပ်ဖွဲ့ဝင်များက ၃ လလျှင်တစ်ကြိမ် ငွေကြေးကောက်ခံမှုများကို ပြုလုပ်လျက်ရှိပြီး ကမ်းဝေးငါးဖမ်းစက်လှေပိုင်ရှင်များထံမှ စက်လှေတစီးလျှင် ငွေကျပ် ၅ သိန်း ကောက်ခံနေသည်ဟု မဟုတ်မမှန် ကောလာဟလသတင်းမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Mizzima မှ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရပါသည်။
အဆိုပါ သတင်းနှင့်ပတ်သက်၍ ဘိုကလေးမြို့နယ်၊ ဧရာကျေးရွာအုပ်ချုပ်ရေးမှူးထံ ဆက်သွယ်မေးမြန်းခဲ့ရာ ကျေးရွာတွင် တရားဝင်လိုင်စင်ရှိ ငါးဖမ်းစက်လှေ ၁၇ စီးသာရှိပြီး စက်လှေပိုင်ရှင်များထံမှ ငွေကြေးကောက်ခံခြင်းများမရှိပါကြောင်း သိရှိရသည်။
သို့ဖြစ်ပါ၍ တရားမဝင်ပြည်ဖျက်မီဒီယာများသည် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအကြား အထင်အမြင်လွဲမှားစေနိုင်သော သတင်းတု၊ သတင်းအမှားများကို လုပ်ကြံဖန်တီးရေးသားဖြန့်ဝေနေခြင်းသာဖြစ်ပြီး သတင်းမီဒီယာကျင့်ဝတ်များနှင့်အညီ လိုက်နာစောင့်ထိန်းမှုမရှိဘဲ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲများဖြင့် ၎င်းတို့ရေရှည်ရပ်တည်နိုင်ရေးအတွက် ထောက်ပံ့ပေးသူများအလိုကျ ဘက်လိုက်ရေးသားနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။
