မန္တလေး ဒီဇင်ဘာ ၂
၂၀၂၃-၂၀၂၄ ပညာသင်နှစ် မန္တလေးတိုင်းဒေသကြီး အခြေခံပညာကျောင်းသားအားကစားအဖွဲ့အား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ချမ်းအေးသာစံ မြို့နယ် အမှတ်(၁၄)အခြေခံပညာ အထက်တန်းကျောင်းရှိ ပန်းမျိုး တစ်ရာခန်းမ၌ ကျင်းပသည်။
အဖွင့်အမှာစကား ပြောကြား
အခမ်းအနား၌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏အနာဂတ် ပိုမိုဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းပေးနိုင်ရန်အတွက် ကိုယ်ခန္ဓာကျန်းမာသန်စွမ်းပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် လူတော်လူကောင်းများစွာ လိုအပ်ပါကြောင်း၊ နိုင်ငံတော်မှ ပညာရေးကဏ္ဍတွင် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်အောင် ပညာရေးမြှင့်တင်မှုအစီအစဉ်များကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း၊ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားကြရာတွင် စာပေဘာသာရပ်များကိုသာမက အားကစားနည်းများကိုပါ လေ့လာလိုက်စားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်သည့် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေးအတွက် အခြေခံပညာအဆင့်ကစပြီး အားကစားပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိကြောင်း၊ စည်းကမ်းများကို လေးစားလိုက်နာကာ တရားသောယှဉ်ပြိုင်ခြင်းဖြင့် ကြိုးစားအားထုတ် ယှဉ်ပြိုင်ကြရမည်ဖြစ်ကြောင်း ပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အားကစားအဖွဲ့ ခေါင်းဆောင်ထံသို့ အောင်နိုင်ရေးအလံပေးအပ်၍ အုပ်ချုပ်သူ/ နည်းပြများ၊ ဆရာ၊ ဆရာမများနှင့် ပြိုင်ပွဲအားကစားသမားများအား လိုက်လံနှုတ်ဆက်အားပေးစကားများ ပြောကြားခဲ့သည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော်ကို နေပြည်တော်တွင် ဒီဇင်ဘာ ၄ ရက်မှ ၁၅ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ထူးချွန်အားကစားသမားများအနေဖြင့် ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပမည့် (၁၂)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်သွားကြရမည်ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီး အခြေခံပညာကျောင်းသား အားကစားအဖွဲ့အနေဖြင့် ဘောလုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း၊ ဘတ်စကက်ဘော၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်အားကစားနည်းများတွင် ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
