Skip to main content

တရားမဝင် ကျွန်းသစ်၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဒီဇင်ဘာ ၂

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ရာတွင် အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် လုပ်ငန်းသုံး National Ice Maker And Refrigerator တစ်လုံး၊ Sapporo Japan Beer ဘူး ၄၈၀၊ ဂျပန်နိုင်ငံထုတ် Collagen ဘူး ၈၀၀ အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၆၇၁၀၀၀၀)၊ ကုန်သေတ္တာနှစ်လုံးအတွင်းမှ သွင်းကုန်လိုင်စင်တင်ပြနိုင်ခြင်းမရှိသည့် Capacitor Start Motor အလုံး ၁၀၀ အပါအဝင် ကုန်ပစ္စည်း ၁၈ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၇၇၇၁၅၀၀)နှင့် ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် လျှပ်စစ်ထမင်းပေါင်းအိုး အလုံး ၁၅၀ အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀)ကိုလည်းကောင်း၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ မြိတ်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် AIKONI Motor Oil ကီလိုဂရမ် ၂၀၀ အပါအဝင် ကုန်ပစ္စည်း ၁၀ မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၀၁၇၀၀၀)နှင့် အဆိုပါ ပစ္စည်းများတင်ဆောင်လာသည့် Higer Express တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၁၄၉၈၅၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ မန္တလေးတိုင်းဒေသကြီးတရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မတ္တရာ - မန္တလေးကားလမ်း ရွှေကျင်တိုးဂိတ်အနီး မိဘမေတ္တာကုန်စုံဆိုင်၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် ပုစွန်တစ်ကောင် စားအုန်းဆီ ၁၈ လီတာပါ ပုံး ၁၃၀၀၊ ပုစွန်နှစ်ကောင် စားအုန်းဆီ ငါးလီတာပါ ဘူး ၂၀၀၊ ပုစွန်နှစ်ကောင် စားအုန်းဆီ တစ်လီတာပါ ဘူး ၁၉၂၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၈၄၄၀၀၀၀)၊ Lactasoy ပဲနို့ဘူး ၇၂၀၀ (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၀၂၄၀၀၀)၊ Lipovitan-D အားဖြည့်အချိုရည် ပုလင်း ၂၀၀၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀)၊ Quick ခေါက်ဆွဲခြောက်ထုပ် ၂၈၈၀ နှင့် Malee Fruit Juice အချိုရည်ဘူး ၄၈၀ (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၂၄၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၉၇၀၄၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီးတရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရွာသာကြီး Dry Port ၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Waist Coat အင်္ကျီအထည် ၁၉၂၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၀၀၀၀၀)၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Tractor Head တစ်စီးနှင့်နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်း တန်ဖိုးငွေကျပ် ၉၀၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၉၄၈၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ဒီဇင်ဘာ ၂ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် ၁၁ ဒသမ ၂၁၂ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၆၄၄၇၀၄)ကို သစ်တောဥပဒေအရလည်းကောင်း၊ ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်၌ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသည့် အမျိုးသမီးလက်ကိုင်အိတ် အလုံး ၉၀ အပါအဝင် ကုန်ပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၅၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၈၉၄၇၀၄)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဒီဇင်ဘာ ၁ ရက်နှင့် ၂ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၇ မှု၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၁၀၈၉၇၂၀၄)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်