Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ပုသိမ်မြို့ရှိ သိပ္ပံနှင့်နည်းပညာဆိုင်ရာတက္ကသိုလ်များ၌ ကျောင်းသားများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေး

ပုသိမ် ဒီဇင်ဘာ ၂

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များအတွက် လက်တွေ့ကျကျအထောက်အကူပြုနိုင်သည့် အရည်အသွေးပြည့်မီသော အင်ဂျင်နီယာကောင်းများကို မွေးထုတ်ဆောင်ရွက်လျက်ရှိရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့က ပုသိမ်မြို့ရှိ သိပ္ပံနှင့်နည်းပညာဆိုင်ရာ တက္ကသိုလ်/ကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးသည်။

‌ရှေးဦးစွာ ဒုတိယဝန်ကြီးသည် ယမန်နေ့နံနက်ပိုင်းက အစိုးရနည်းပညာအထက်တန်းကျောင်း (ပုသိမ်)သို့ ရောက်ရှိခဲ့ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့ကာ ဒေသတွင်းရှိလူငယ်များနှင့် ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးအတွက် မြန်ဆန်စွာ အကျိုးပြုနိုင်သည့် ပုံမှန်နှင့် ကာလတိုသင်တန်းများကို သတ်မှတ်စံနှုန်းများနှင့်အညီ ဖွင့်လှစ်ဆောင်ရွက်ရန်၊ ဒေသတွင်း MSMEs လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်သည့်ကျွမ်းကျင်ပညာရှင်များကို စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေး အလေးထားဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို မှာကြားသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကျောင်းသား၊ ကျောင်းသူများကို တစ်ဦးချင်းရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး သက်ဆိုင်ရာဘာသာရပ်အလိုက်အလုပ်ရုံများ၌ လက်တွေ့လုပ်ငန်းများ အေးချမ်းပျော်ရွှင်စွာ လေ့ကျင့်ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးကာ နိုင်ငံတော်က အမှန်တကယ်အားထားရသည့် ဗလငါးတန်နှင့် ပြည့်စုံသော မျိုးဆက်သစ်သက်မွေးပညာရှင် လူငယ်ကောင်းများဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန် မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)သို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ အမျိုးသားရေးလုပ်ငန်းစဉ်များကို အောင်မြင်အောင် ဆောင်ရွက်ရာတွင် တစ်တပ်တစ်အားဖြစ်စေမည့် IT ပညာရှင်များကို မွေးထုတ်ဆောင်ရွက်ရန်၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို နောက်ဆုံးပေါ် IT နည်းပညာများဖြင့် Quick Win ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန် မှာကြားကာဘာသာရပ်အလိုက်၊ သင်တန်းနှစ်အလိုက် စာသင်ခန်းအသီးသီးတို့၌ အေးချမ်းပျော်ရွှင်စွာ သင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများကို ကြည့်ရှုအားပေးပြီး ဤတက္ကသိုလ်မှ လေ့လာဆည်းပူး၍ရရှိသည့် IT နည်းပညာများဖြင့် မိမိတို့၏ဘဝများကို အောင်မြင်အောင်တည်ဆောက်သလို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင်လည်း အုတ်ကောင်းတစ်ချပ်၊ သဲကောင်းတစ်ပွင့်အနေဖြင့်ပါဝင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ကျောင်းသား၊ ကျောင်းသူများကို ကြည့်ရှုအားပေးပြီး ရရှိလာသည့် သုတေသနရလဒ်များကို စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၊ MSMEs လုပ်ငန်းရှင်များ၏ လက်ဝယ်အရောက်ဖြန့်ဝေပေးရန်နှင့် လိုအပ်သည်များကို မှာကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် နည်းပညာတက္ကသိုလ်(ပုသိမ်)သို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ စပါးခွံလောင်စာသုံး Gasifier စက်ရုံများ၊ စက်မှုလယ်ယာလုပ်ငန်းများ၊ စက်မှုကုန်ထုတ်လုပ်ငန်းများကို အထောက်အကူပြုနိုင်မည့် နည်းပညာများဆိုင်ရာ သုတေသနများကို မြှင့်တင်ဆောင်ရွက်ရန်မှာကြားပြီး အေးချမ်းပျော်ရွှင်စွာ သင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ကျောင်းသား၊ ကျောင်းသူများကို ကြည့်ရှုအားပေးပြီး(အပေါ်ပုံ) လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်