Skip to main content

မှော်ဘီမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်တို့ရှိ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

နေပြည်တော် ဒီဇင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် နှောကုန်းကျေးရွာအုပ်စုရှိ နှောကုန်းကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ သဲအင်းဂူဗဟိုဌာနချုပ်ကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် နယ်လှည့်ဆေးကုသရေးအဖွဲ့က သွားနှင့်ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အရိုးအကြောရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ သံဃာတော် ၁၇ ပါး၊ သာသနာ့နွယ်ဝင်သီလရှင် ၄၉ ပါးနှင့် ဒေသခံပြည်သူ ၁၃၁ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခြင်း၊ ECG စက်၊ Ultrasound စက်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို မှော်ဘီတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးသည်။

အလားတူ မန္တလေးတိုင်းဒေသကြီး အောင်မြေ သာစံမြို့နယ် ရတနာဘုံစံကျောင်း သီလရှင်စာသင် တိုက်ရှိ သာသနာ့နွယ်ဝင်သီလရှင်များအား ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါကျောင်းတိုက်ရှိဓမ္မာရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် နယ်မြေခံဆေးကုသရေးအဖွဲ့က ဖျားနာရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ သာသနာ့နွယ်ဝင်သီလရှင် ၁၂၁ ပါးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခြင်း၊ ECG စက်ဖြင့် နှလုံးသွေးကြော ရောဂါစမ်းသပ်ပေးခြင်း၊ တီဗွီဓာတ်မှန်ရိုက်ကူး၍ ရောဂါရှာဖွေခြင်း၊ ဆီးချို/ သွေးချို စစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သောလူနာများကို နယ်မြေခံတပ်မတော်ဆေးရုံ သို့တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။ ယင်းသို့ဆောင်ရွက်ပေးနေမှုများကို မန္တလေးတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်