Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပျဉ်းမနားမြို့ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် သန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှုနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၂

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဥပ္ပါတသန္တိစေတီတော်မြတ် ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ ပျဉ်းမနားမြို့ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇဘဒ္ဒန္တဝိမလဗုဒ္ဓိ မဟာထေရ်မြတ်အား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ပတ်ဝန်းကျင်သန့်ရှင်းသာယာရေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ မှာကြားသည်။

အလေးထားဆောင်ရွက်

ယင်းနောက် ဇေယျာသီရိမြို့နယ် ကျောက်ချက်ကျေးရွာအနီးရှိ ဆင်သေချောင်းယာယီချောင်းပိတ်ဆည် တည်ဆောက်နေမှု(ယာပုံ)၊ သီးနှံစုံစိုက်ပျိုးထားရှိမှု၊ ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေပေးဝေနေမှုများကို ကြည့်ရှုစစ်ဆေးပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက တောင်သူများအား စိုက်ပျိုးရေပေးဝေရာတွင် စနစ်တကျရှိစေရေး၊ အကျိုးပြုဧကများ တိုးပွားလာရေးတို့ကို အလေးထားဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ရန်ကုန်-မန္တလေး ကားလမ်းဟောင်းပေါ်ရှိ ဆင်သေချောင်း တံတား(ကျောက်ချက်)သို့ ရောက်ရှိပြီး ဆင်သေချောင်းတံတားပေါ်တွင် AC ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ ဆင်သေကျေးရွာအနီး ငလိုက်ဆည်ရေသောက်စနစ် ပြင်ပရှိ ရေသောက်ဧရိယာများအား ပေါင်းလောင်းမြစ်မှ ရေကူဖြည့်သွင်းခြင်းလုပ်ငန်း ဆောင်ရွက်နေသည့် ရေသွင်းအဆောက်အအုံ၊ ရေစုကန်၊ ရေဝေကန်၊ ရေတင်စက်ရုံနှင့် တူးမြောင်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။

ထို့နောက် ပျဉ်းမနားမြို့နယ် ကင်ပွန်းတန်းကျေးရွာ အနီးရှိ ရွှေပြည်စိုးဆန်စက်သို့ရောက်ရှိပြီး ဆန်စက်လည်ပတ်ကြိတ်ခွဲနေမှုနှင့် စပါးအခြောက်ခံမှုလုပ်ငန်းကိုကြည့်ရှုကာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဆန်အရည်အသွေးမြင့်မားရေး၊ နိုင်ငံတကာဆန်ဈေးကွက်တွင် အဆင့်အတန်းမီစေရေး၊ ဆန်စက်စွမ်းအားပြည့် လည်ပတ်နိုင်စေရေး၊ ပြည်တွင်းစားသုံးမှုဖူလုံစေရေးနှင့် ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေးတို့ကိုမှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။

စိုက်ပျိုးနေမှုကို ကြည့်ရှု

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်းကျေးရွာအုပ်စုအနီးရှိ ကွင်းအမှတ် ၁၆၆၀ တွင် တောင်သူဦးကျောက်၏ စိုက်ဧက ၁၃ ဧက၌ ဆောင်းဆီထွက်သီးနှံ ဆင်းရွှေကြာ-၂ နေကြာမျိုးကို စက်ကိရိယာများဖြင့် စိုက်ပျိုးနေမှုကို ကြည့်ရှုပြီး တောင်သူများနှင့်တွေ့ဆုံကာ အဆင့်မြင့်လယ်ယာမြေများ ဖော်ဆောင်ရေး၊ အထွက်နှုန်းများ တိုးတက်စေရေး၊ သုံးသီးစိုက်ပျိုးနိုင်ရေး၊ အကျိုးရှိမည့် သီးနှံများစိုက်ပျိုးနိုင်ရေး၊ တောင်သူတစ်ဦးချင်း ဝင်ငွေတိုးတက်ရရှိစေရေးတို့အတွက် ဌာနဆိုင်ရာများနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားပြီး ဆောင်းဆီထွက်သီးနှံ ဆင်းရွှေကြာ-၂ နေကြာမျိုးအား စက်ကိရိယာများဖြင့် စိုက်ပျိုးနေမှုကို ကြည့်ရှုခဲ့ကြောင်း သိရသည်။

သတင်းစဉ်