နေပြည်တော် ဒီဇင်ဘာ ၂
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ အဆိုပါကျောင်း သစ္စာခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မော်လမြိုင်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက နိုင်ငံသားကတ်မရရှိသေးသည့် ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးပြီး e-ID စနစ်အတွက် ကိုယ်ရေးအချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) များ ကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်ပေးနေမှု၊ နိုင်ငံသားကတ်ရှိပြီးသူများအား ကိုယ်ရေးအချက်အလက် (Bio- graphic)နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) များ ကောက်ယူကာ e-ID စနစ်အတွက် ဂဏန်း ၁၀ လုံးပါ Unique ID နံပါတ်ထုတ်ပေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များမှာကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ဒေသခံပြည်သူများအား လုပ်ငန်းဆောင်ရွက်မှုအပေါ် တွေ့ကြုံရသည့် အခက်အခဲများ၊ Unique ID နံပါတ်ရရှိပြီးသူများ အား နောင်တွင် Smart Card ထုတ်ပေးသွားမည့် အစီစဉ်များကို မေးမြန်းဆွေးနွေးသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မော်လမြိုင်မြို့ မွန်ပြည်နယ်ဦးစီးမှူးရုံး ရုံးဝင်းအတွင်းရှိ မော်လမြိုင်ခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံး အဆောက်အဦးများနှင့် ဝန်ထမ်းအင်အားအခြေအနေ၊ ပြည်သူများနားနေရန် စီစဉ်ဆောင်ရွက်ထားသည့်နေရာ၊ မြို့နယ်ရုံး၏ မှတ်တမ်းခန်းအတွင်း ကိုယ်ရေးမှတ်တမ်းများ ထိန်းသိမ်းထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက မှတ်တမ်းများ ပျက်စီးဆုံးရှုံးမှုမရှိစေရေးနှင့် ရေရှည်ထိန်းသိမ်းနိုင်ရေးတို့အတွက် စီမံဆောင်ရွက်ထားရှိရန်မှာကြားကာ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက် ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မွန်ပြည်နယ်ဦးစီးမှူးရုံး ရုံးခန်းမ၌ တိုင်း၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများနှင့်အတူ နေ့လယ်စာကို ရင်းနှီးချစ်ကြည်စွာ လက်ရည်တစ်ပြင်တည်း အတူတကွသုံးဆောင်ခဲ့ပြီး ဝန်ထမ်းစားရိပ်သာအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
သတင်းစဉ်