နေပြည်တော် ဒီဇင်ဘာ ၂
အိန္ဒိယနိုင်ငံ မတ်ဒရာပရာဒက်ရှ်ပြည်နယ် ဘိုပါးမြို့ရှိ အမျိုးသားတရားစီရင်ရေးအကယ်ဒမီ (National Judicial Academy-NJA) တွင် ဒီဇင်ဘာ ၄ ရက်မှ ၇ ရက်အထိ စတုတ္ထအကြိမ်မြောက်အဖြစ် ဖွင့်လှစ်မည့် “တရားသူကြီး များနှင့် တရားရေးအရာရှိများအတွက် စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းအစီအစဉ်”သို့ တက်ရောက်ရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိများနှင့် တရားရုံးအဆင့်ဆင့်ရှိ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် တရားသူကြီးများ၊ တရားရေးအရာရှိများ ပါဝင်သည့် သင်တန်းသား ၄၀ သည် ယနေ့နံနက် ၇ နာရီ ၂၅ မိနစ်တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ အိန္ဒိယနိုင်ငံသို့ ထွက်ခွာသွားသည်။
အဆိုပါသင်တန်း၌ သင်တန်းသားများသည် အိန္ဒိယနိုင်ငံဖွဲ့စည်း ပုံအခြေခံဥပဒေ၊ အိန္ဒိယနိုင်ငံ တရားစီရင်ရေးစနစ်၊ တရားသူကြီး ကျင့်ဝတ်၊ စီရင်ချက်ရေးသားခြင်း၊ တရားရုံးစီမံခန့်ခွဲမှု၊ သက်သေခံဥပဒေ၊ တရားရုံးနည်းပညာ၊ တရားမနှင့် ရာဇဝတ်ဥပဒေများ၊ ဥပဒေရေးရာဆေးပညာ၊ တရားမကျင့်ထုံးဥပဒေနှင့် တရားမမှုစစ်ဆေးခြင်း၊ အခြားနည်းလမ်းဖြင့် အငြင်းပွားမှုဖြေရှင်းခြင်းတို့ကို လေ့လာသင်ယူခွင့်ရရှိကြမည့်အပြင် လေ့လာရေးခရီးအဖြစ် အိန္ဒိယနိုင်ငံ ဘိုပါးမြို့ရှိ တရားရုံးများ၊ ယဉ်ကျေးမှုပြတိုက်၊ တိုင်းရင်းသားများပြတိုက်၊ လှေလှော်အသင်းနှင့် ယူနက်စကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ပုထိုးတော်ကြီး တည်ရှိရာနေရာ ဘိုပါး၊ ဆန်းချီမြို့တို့သို့ လေ့လာခွင့်ရရှိမည်ဖြစ်သည်။
အဆိုပါ သင်တန်းအစီအစဉ်သည် ပြည်ထောင်စုတရားသူကြီးချုပ်ရုံးနှင့် အိန္ဒိယနိုင်ငံ အမျိုးသားတရားစီရင်ရေး အကယ်ဒမီတို့အကြား ၂၀၁၈ ခုနှစ်တွင် လက်မှတ်ရေးထိုးထားသည့် မြန်မာနိုင်ငံမှတရားသူကြီးများနှင့် တရားရေး အရာရှိများကို အိန္ဒိယနိုင်ငံသို့စေလွှတ်၍ သင်တန်းပေးခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာအရ စေလွှတ်ခြင်းဖြစ်ပြီး ယခုစတုတ္ထအကြိမ်သင်တန်းအပါအဝင် စုစုပေါင်းသင်တန်းသား ၁၆၀စေလွှတ်ခဲ့ပြီးဖြစ်သည်။
သတင်းစဉ်
