ခြေခင်းလက်ခင်းသာ၍ ရာသီဥတုအေးမြသည့် ဆောင်းလဒီဇင်ဘာကို လူထုအားကစားလအဖြစ် သတ်မှတ်ပြီး အပတ်စဉ်နံနက်ခင်း စုပေါင်းလမ်းလျှောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်းတို့ ပြုလုပ်ခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ကိုယ်ရောစိတ်ပါ ကျန်းမာကြံ့ခိုင်ပျော်ရွှင်နိုင်စေရန်အတွက် လူတိုင်းလူတိုင်းက မိမိတို့နှင့်ကိုက်ညီမည့် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ကြခြင်းဖြင့် ကောင်းကျိုးများစွာရရှိနိုင်သည်။ ငွေကုန်ကြေးကျသက်သာစွာ ပုံမှန်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းကြောင့် ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးက တန်ဖိုးကြီးဆေးဝါးများ သုံးစွဲခြင်းထက်ပင်ပိုမိုသည်ဟု ကျန်းမာရေးပညာရှင်များက ဆိုသည်။
ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားကြရာတွင် (၁) သက်လုံကောင်းမှုဆိုင်ရာ လေ့ကျင့်ခန်းများ၊ (၂) ကြွက်သားများ သန်မာရေးအတွက် လေ့ကျင့်ခန်းများ၊ (၃) ခန္ဓာကိုယ်ဟန်ချက် ထိန်းမှုဆိုင်ရာလေ့ကျင့်ခန်းများ၊ (၄) ခန္ဓာကိုယ်ပျော့ပျောင်းမှုဆိုင်ရာ လေ့ကျင့်ခန်းများဟူ၍ လေးမျိုးခွဲခြားနိုင်သည်။ လမ်းလျှောက်၊ ရွရွပြေး၊ စက်ဘီးစီး၊ ရေကူး၊ လှေလှော်၊ ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ တင်းနစ်၊ ကြက်တောင်၊ အေရိုးဗစ်၊ လှေကားအဆင်းအတက်၊ ခြေလျင်တောင်တက်စသည်တို့မှာ သက်လုံကောင်းမှုဆိုင်ရာ လေ့ကျင့်ခန်းများတွင် အကျုံးဝင်ပြီး အလေးမ၊ ဒိုက်ထိုး၊ ဘားတန်းခို၊ ထိုင်ထ၊ စပရိန်များ၊ ဝိတ်တုံးများ အသုံးပြုရသည့် လေ့ကျင့်ခန်းများက ကြွက်သားသန်မာမှုဆိုင်ရာ လေ့ကျင့်ခန်းများတွင် ပါဝင်သည်။ ထိုက်ကျိ၊ ယောဂ၊ ဟန်ချက်ထိန်းလေ့ကျင့်ခန်းများ၊ အကျောလျှော့လေ့ကျင့်ခန်းများ စသည်တို့က ခန္ဓာကိုယ်ဟန်ချက်ထိန်းသိမ်းမှုနှင့် ခန္ဓာကိုယ်ပျော့ပျောင်းမှုဆိုင်ရာ လေ့ကျင့်ခန်းများဖြစ်သည်။
အဆိုပါလေ့ကျင့်ခန်းများကို ကလေး၊ လူငယ်၊ လူကြီး၊ သက်ကြီး ရွယ်အိုစသည့် အရွယ်အလိုက် မိမိတို့နှင့်ကိုက်ညီမည့် လေ့ကျင့်ခန်းကို ရွေးချယ်ကာ ချင့်ချိန်ပြုလုပ်သင့်ပြီး မည်မျှပြင်းပြင်းထန်ထန်ပြုလုပ်ရမည်၊ အချိန်မည်မျှကြာကြာပြုလုပ်ရမည်၊ တစ်ပတ်လျှင် ဘယ်နှကြိမ်ပြုလုပ်ရမည် စသည်တို့ကို ဆရာဝန်များ၊ နားလည်တတ်ကျွမ်းသူများ၏ အကြံဉာဏ်များ၊ လမ်းညွှန်ချက်များနှင့် ပြုလုပ်သွားကြရန်လိုအပ်သည်။ ကိုယ်လက်လှုပ်ရှားပြုလုပ်နေစဉ် ဝေဒနာတစ်ခုခုခံစားလာရခြင်း၊ ခေါင်းမူးခြင်း၊ အသက်ရှူမဝခြင်း၊ ရင့်ဘတ်အောင့်ခြင်း၊ ကိုယ်လက်ကိုက်ခဲဖျားနာခြင်း၊ အဆစ်အမျက်ရောင်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ခြေဖဝါးခြေချင်းဝတ်နာကျင်ခြင်း၊ အူကျခြင်း စသည်တို့ ဖြစ်ပေါ်လာပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးကြရမည်ဖြစ်သည်။
ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ခြင်းက ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းစေပြီး ကိုယ်အလေးချိန်ကို ထိန်းပေးစေသည်။ စိတ်ဖိစီးမှုကို လျော့ကျစေပြီး မိမိကိုယ်ကိုယ်ယုံကြည်မှုကို တိုးတက်စေသည်။ နှလုံးသွေးကြောရောဂါများ၊ သွေးတိုး၊ သွေးချို ဆီးချို၊ အဝလွန်၊ သွေးတွင်းအဆီဓာတ်များခြင်း၊ သွေးကြောတွင်း သွေးခဲပိတ်ခြင်း၊ အရိုးပွ၊ အဆစ်အမျက်ရောင်ခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ သူငယ်ပြန်ခြင်း စသည်တို့ကို ကာကွယ်နိုင်သလို ရောဂါဖြစ်ပွားနှုန်းကိုနည်းစေသည်။ သို့မဟုတ် ရောဂါရှိသော်လည်း ကျန်းမာစွာနေနိုင်စေသည်။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပြုလုပ်ခြင်းကို ငယ်စဉ်ကစ၍ ပြုစုပျိုးထောင်ခဲ့ပါက အကောင်းဆုံးဖြစ်သော်လည်း ယနေ့စတင်ပါက နောက်မကျသေး။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများကို နေ့စဉ်ပုံမှန်၊ တစ်ပိုင်တစ်နိုင်ပြုလုပ်သွားနိုင်ရန်သာ လိုသည်။ အကျိုးဆက်အနေဖြင့် မကူးစက်နိုင်သောရောဂါတို့ စွဲကပ်မှုကြောင့် အရွယ်မတိုင်မီ သေဆုံးရမှုကို လျှော့ချနိုင်ပြီး သက်ကြီးရွယ်အိုဘဝရောက်ချိန်တွင်လည်း သူတစ်ပါးအကူအညီမလိုဘဲ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ပြီး ကျန်းမာပျော်ရွှင်နိုင်သည်။
ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများဟုဆိုရာတွင် “လမ်းလျှောက် ခြင်း”က ကျန်းမာရေးအတွက် အကောင်းဆုံး၊ ငွေကုန်ကြေးကျ အသက်သာဆုံးနှင့် နည်းစနစ်ပိုင်းအရလည်း အလွယ်ကူဆုံးဟု ကျွမ်းကျင်သူများက တညီတညွတ်တည်းဆိုကြသည်။ အန္တရာယ်ဖြစ်နိုင်စွမ်းနှင့် အနာတရဖြစ်နိုင်မှု အနည်းဆုံးလည်း ဖြစ်သည်။ ယခုမှ အစပြုသူသည် တစ်ရက်လျှင် ၁၀ မိနစ် လမ်းလျှောက်ရာမှ တစ်ပတ်ပြီးတစ်ပတ် သုံးမိနစ်မှ ငါးမိနစ်အထိ တိုးလျှောက်ရန်နှင့် ရေရှည်တွင် တစ်ပတ်လျှင် ငါးရက်၊ တစ်ရက်လျှင် နာရီဝက်အမြန်လျှောက်နိုင်သည်အထိ မပျက်မကွက်လျှောက်ကြရန် ကျန်းမာရေးပညာရှင်များက အကြံပြုထားသည်။ ဒီဇင်ဘာလူထုအားကစားလသည် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် နိုးကြားတက်ကြွစွာ ဆောင်ရွက်ကြစေရန် တိုက်တွန်းနှိုးဆော်ခြင်းဖြစ်ပြီး ဒီဇင်ဘာမှအစပြု၍ နေ့စဉ်နေ့တိုင်း ပုံမှန်ကိုယ်လက်လှုပ်ရှားကြခြင်းအားဖြင့် လူတိုင်းလူတိုင်းကိုယ်ရောစိတ်ပါ ကြံ့ခိုင်ကျန်းမာသည့် လူမှုဘဝကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း။ ။
မြန်မာ့အလင်း (အယ်ဒီတာ့အာဘော်)
