နေပြည်တော် ဒီဇင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်နှင့် ဝေါမြို့နယ်တို့တွင် ပြည်သူ့စစ်များက တပ်ဖွဲ့ဝင်သစ်များ ရှာဖွေစုဆောင်းရန် ကျေးရွာအုပ်ချုပ်ရေးမှူးများကို စေခိုင်းနေပြီး ၎င်းတို့နှင့်နီးစပ်သည့် လူငယ်များအား စစ်ကြောင်းထိုးသည့်အချိန် စည်းရုံးခြင်း၊ ခေါ်မရပါက အုပ်ချုပ်ရေးအဖွဲ့ဝင်ဟောင်းများအား လုံခြုံရေးအတွက် လူစုရန်ဖိအားပေးခြင်း စသည့် မဟုတ်မမှန်သတင်းများအား လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။ အဆိုပါသတင်းနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ မှန်ကန်မှုမရှိကြောင်း သိရှိရပါသည်။
ပြည်သူစစ်တပ်ဖွဲ့ဝင်များသည် အကြမ်းဖက်သမားများ၏ ဖျက်ဆီးမှုများကိုခုခံပြီး နိုင်ငံအပေါ်ချစ်မြတ်နိုးစိတ်၊ မိမိတို့၏ မြို့၊ ရွာများကို စောင့်ရှောက်လိုစိတ်များကြောင့် တပ်မတော်နှင့်အတူ လက်တွဲပူးပေါင်းကာကွယ်နေခြင်းကို တရားမဝင်ပြည်ဖျက်မီဒီယာများက ဒေသခံပြည်သူများ ပြည်သူစစ်တပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားလာစေရန်အတွက် လူမှုကွန်ရက်စာမျက်နှာတွင် သတင်းတု၊ သတင်းအမှားများ ရေးသားဖြန့်ဝေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။
