Skip to main content

ဆောင်းမတ်ပဲများ မန္တလေးဈေးကွက်အတွင်း အရောင်းအဝယ်ကောင်း

မန္တလေး ဒီဇင်ဘာ ၁

၂၀၂၄ ခုနှစ် ပဲရာသီအတွက် အစောဆုံးထွက်ရှိလာသည့် ပေါ်ဦးပေါ်ဖျား ဆောင်းမတ်ပဲများ မန္တလေးဈေးကွက်အတွင်း စတင်ဝင်ရောက်လာကာ အရောင်းအဝယ်များ ကောင်းမွန်နေကြောင်း မန္တလေးပဲကုန်သည်များထံမှ သိရသည်။

အဆိုပါ ဆောင်းမတ်ပဲသီးနှံမှာ ဈေးကွက်အတွင်းသို့ နိုဝင်ဘာလကုန်မှ စတင်ဝင်ရောက်လာပြီး အထွက်နှုန်းနှင့် အရည်အသွေးပိုင်း ကောင်းမွန်လျက်ရှိသည့်အပြင် အရောင်း အဝယ်များလည်း ကောင်းမွန်လျက်ရှိကြောင်း ပြီးခဲ့သည့်နှစ် ကာလတူရာသီ အဖွင့်ဈေးတွင် သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၁၇၀၀၀၀ နှုန်းဖြင့် အရောင်းအဝယ် ဖြစ်ခဲ့သော်လည်း ယခုနှစ်တွင် သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၅၀၀၀၀ အဖွင့်ဈေးဖြင့် အရောင်းအဝယ်များ ကောင်းမွန်နေကြောင်း မန္တလေးမြို့မှ  ဆောင်းမတ်ပဲများမှစိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောသည်။

“ဆောင်းမတ်ပဲသစ်တွေက ဒီလနောက်ဆုံးပတ်ကစပြီး မန္တလေးဈေးကွက်ကို စတင်ဝင်ရောက်နေတာပါ။ ပေါ်ဦးပေါ်ဖျားအနေနဲ့ ဒီနှစ်မှာအလုံးအဖန်ကောင်း၊ အရည်အသွေး ကောင်းမွန်တဲ့ မတ်ပဲတွေဝင်ရောက်လာတာပါ။ ဒီနှစ်ကစတင်ထွက်ရှိကတည်းက အရောင်းအဝယ်တွေကောင်းနေပါတယ်။ ဆောင်းမတ်ပဲက ဒီနှစ်မှာ ပိုးမွှားလည်း ဖျက်ဆီးမှုမရှိဘူး၊ ရာသီဥတုကလည်း မျှတတာနဲ့ကြုံတွေ့ရလို့ မတ်ပဲအထွက် ကောင်းတယ်။ မတ်ပဲကအထက်ပိုင်းဒေသတွေမှာ သီးထပ်အနေနဲ့ စိုက်ပျိုးလို့ရတယ်။ အောက်ပိုင်းဒေသတွေမှာတော့ တစ်နှစ်ကိုဆောင်း သီးနှံအနေနဲ့ တစ်ရာသီပဲစိုက်တယ်။ ဒီနှစ်မတ်ပဲသီးနှံက နှစ်ပတ်လောက်စောပြီး ထွက်လာတယ်။ ပြီးခဲ့တဲ့နှစ်က ဒီဇင်ဘာလအတွင်းမှာ ထွက်တယ်။ မတ်ပဲကို အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယကအဓိကထား ဝယ်ယူပါတယ်။ မတ်ပဲကပြည်ပပို့ကုန်ထဲမှာ ဝင်ငွေအများဆုံးရရှိတဲ့ သီးနှံဖြစ်တယ်”ဟု ၎င်းကပြောသည်။

လက်ရှိ မန္တလေးပဲဈေးကွက်သို့ ဆောင်းမတ်ပဲများ စတင်ဝင်ရောက်လာသည့်ဒေသများမှာ မတ္တရာ၊ စဉ့်ကူးနယ်များဖြစ်ကြောင်း၊ ဆက်လက်ပြီး ဈေးကွက်အတွင်းသို့ မုံရွာ၊ ရွှေဘို၊ ပခုက္ကူ၊ မြင်းခြံဒေသများကလည်း မကြာမီတွင် လှိုင်လှိုင်ထွက်ရှိလာတော့မည်ဖြစ်ကြောင်း၊ မတ်ပဲကို မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ၌ သြဂုတ်လအတွင်း စတင်စိုက်ပျိုး ကာ ဇန်နဝါရီလအတွင်း၌ လှိုင်လှိုင်ပေါ်ထွက်လေ့ရှိပြီး၊ မြန်မာနိုင်ငံအောက်ပိုင်းဒေသများဖြစ်သည့် ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူးတိုင်းဒေသ ကြီးတို့တွင် ဖေဖော်ဝါရီနှင့် မတ်လအတွင်း၌ လှိုင်လှိုင်ထွက်ပေါ်လေ့ရှိကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)