Skip to main content

စိန်ရတုကိုကျော်လွန်ခဲ့ပြီဖြစ်သော ပုဂံမြို့က ဦးဘငြိမ်း မြန်မာ့လက်မှုယွန်းထည်လုပ်ငန်း

ညောင်ဦး ဒီဇင်ဘာ ၁

နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး MSME လုပ်ငန်းများ၏ ကုန်ထုတ်လုပ်ခြင်း များတိုးတက်အောင် အားပေးမြှင့်တင်ဆောင်ရွက်မှုနှင့်အတူ ပြည်တွင်းထွက်ကုန်ကြမ်းများကို အခြေခံ၍ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဒေသအသီးသီးတွင် ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခု အစီအစဉ်ဖြင့် ကဏ္ဍအလိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်း ဒေသကြီး ညောင်ဦးခရိုင်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့်လုပ်ကိုင်နေသော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်း ၃၇၈ ခုအနက် ညောင်ဦးမြို့နယ်ပုဂံမြို့သစ်ရှိ ဦးဘငြိမ်းမြန်မာ့ လက်မှုယွန်းထည် လုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။

ဦးဘငြိမ်းမြန်မာ့လက်မှုယွန်းထည်လုပ်ငန်းကို ၁၉၄၇ ခုနှစ်က စတင်ပြီးလုပ်ကိုင်ခဲ့ရာ ယွန်းလုပ်ငန်း သက်တမ်း ၇၅ နှစ်ကျော်ခဲ့ပြီဖြစ်ပြီး ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများကို အိုးမကွာ အိမ်မကွာမိသားစုဝင်ငွေတိုး လုပ်ငန်းအဖြစ် ဆောင်ရွက်လုပ် ကိုင်နိုင်ရန် ရည်ရွယ်ပြီးယွန်းထည် လုပ်ငန်းကိုမျိုးဆက်လေးဆက်တိုင် လုပ်ကိုင်နေ ခြင်းဖြစ်သည်။ လက်ရှိတွင်ဦးဘငြိမ်း၏သမီးဖြစ်သူ အသက် ၈၃ နှစ်အရွယ်အဘွား ဒေါ်ဝင်းမေက ဦးစီးဦးဆောင်ပြုကာ မြန်မာ့လက်မှုယွန်းလုပ်ငန်းတိမ်ကောပပျောက်မှုမရှိရေး ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည်။

ယွန်းထည်ပြုလုပ်ရာတွင် ကုန်ကြမ်းအဖြစ်ပါဝင်သည့် ဝါး၊ သစ်သားများကို စစ်ကိုင်းတိုင်း ဒေသကြီးမှမှာယူရသည်။ သစ်စေးကိုလည်း ပြည်တွင်းကုန်ကြမ်းများသာ အသုံးပြုထုတ် လုပ်ရသည်။ ယွန်းထည်ပြုလုပ်ရာတွင် အဓိကကုန်ကြမ်းသည်ဝါးနှင့် သစ်စေးဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမော်မြို့၊ ကသာမြို့မှလာသည့် သစ်စေးသည် အရည်အသွေး ကောင်းမွန်ကြောင်း သိရသည်။ ဦးဘငြိမ်း ယွန်းထည် လုပ်ငန်းအနေဖြင့် ယွန်းထည်ပစ္စည်း အမျိုး ၇၀ ခန့်ထုထ်လုပ်ပြီး ယွန်းဆွမ်းအုပ်၊ ယွန်းလက်ဖက်အုပ်၊ ယွန်းသောက်ရေခွက်၊ ယွန်းကွမ်းတောင်ပန်းတောင်၊ ယွန်းပန်းအိုးများအများဆုံး ထုတ်လုပ်ရောင်းချရသည်။ ယွန်းထည်များကို မြန်မာတစ်နိုင်ငံလုံးသို့ အွန်လိုင်းစနစ်ဖြင့် ဖြန့်ဖြူးရောင်းချခြင်းနှင့် ပုဂံဒေသ ထွက်ကုန်ပစ္စည်းအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိပြီး ပြည်ပဧည့်သည်များ အဝင်အထွက်များသည့်ကာလတွင် ယွန်းထည် ပစ္စည်းများဝယ်ယူသွား ကြခြင်းဖြင့် မြန်မာ့လက်မှုယွန်းထည်များ နိုင်ငံတကာသို့ ရောက်ရှိသွားစေခဲ့သည်။

နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ၏ ကုန်ထုတ်လုပ်ခြင်းများ တိုးတက်အောင် အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိရာ ချေးငွေထုတ်ချေးခြင်းကို လက်မှုလုပ်ငန်းများအတွက် ပို၍ထုတ်ပေးနိုင်လျှင် ရေရှည်ရပ်တည်နိုင်မည်ဖြစ်ကြောင်း၊ ကုန်ကြမ်းပစ္စည်းများလည်း အလွယ်တကူဝယ်ယူ ရရှိနိုင်ရန်ဖန်တီးပေးနိုင်လျှင် လက်မှုလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်နိုင်ကြောင်းဦးဘငြိမ်း ယွန်းထည်လုပ်ငန်းပိုင်ရှင် ဦးအောင်ကျော်ထွန်းက ပြောကြားသည်။ ညောင်ဦးမြို့နယ်ထွက် မြန်မာ့လက်မှုယွန်းလုပ်ငန်း၊ ပုံးရည်ကြီးလုပ်ငန်း၊ ထန်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှဒေသတွင်းလူမှုစီးပွား ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကာနိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက်ပါအထောက် အပံ့ကောင်းများ ရရှိလာစေမည်ဖြစ်ကြောင်းသိရသည်။

ကိုဇော်(ဓာတု)၊ဒီပါလင်း