Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး အလည်အပတ်ရောက်ရှိနေသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ တပ်မတော်(ရေ)မှ စစ်ရေယာဉ်များနှင့်အတူမြန်မာနိုင်ငံ တပ်မတော်(ရေ) စစ်ရေယာဉ်များ ပူးပေါင်း ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းများဆောင်ရွက်မှုအခြေအနေ မြန်မာနိုင်ငံ အတွင်း နယ်စပ်ဒေသများတွင် တရားမဝင်နေထိုင်သူများအား တရုတ်နိုင်ငံသို့ ပြန်လည်လွှဲ ပြောင်းပေးမှု အခြေအနေ ၁-၁၂-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(အရှေ့မြောက်ဘက်)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှု အခြေအနေများ၊ ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရာတွင် တရားဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းမရှိဘဲ လက်နက်ကိုင် အကြမ်းဖက်လမ်းစဉ်များကို အားပေးလုပ်ဆောင်နေမှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

ကျွန်တော်တို့ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးအလည်အပတ် ရောက်ရှိနေတဲ့ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်တော်(ရေ) က စစ်ရေယာဉ်များဟာ ဒီနေ့ညနေပိုင်းမှာတော့ မြန်မာနိုင်ငံက စစ်ရေယာဉ်များနဲ့အတူ ပင်လယ်ပြင်မှာ လေ့ကျင့်ရေးဆောင်ရွက်မယ့် ဧရိယာကိုထွက်ခွာပြီး ရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ရေးလုပ်ငန်း စတင်ဆောင်ရွက် လျက်ရှိပါတယ်။ မနက်ဖြန်အထိ လေ့ကျင့်မှာဖြစ်ပါတယ်။ အဲဒီမှာတော့ဝေဟင်ရန်၊ ရေပြင်ရန်၊ ရေအောက်ရန် ကာကွယ်ရေးလေ့ကျင့်ခန်းများ အတူပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ရန်ကုန်မြို့မှာချစ်ကြည်ရေးအလည်အပတ် ရောက်ရှိတဲ့အချိန်မှာလည်း ရန်ကုန်မြို့က အထင်ကရနေရာတွေကို လှည့်လည်လေ့ လာတာတွေ၊ နှစ်နိုင်ငံချစ်ကြည်ရေး အားကစားပြိုင်ပွဲတွေပြု လုပ်တာတွေ၊ နှစ်နိုင်ငံသင်္ဘောများ အပြန်အလှန်လည်ပတ်တာတွေဆောင်ရွက်နိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံ အစိုးရချင်း၊ တပ်မတော်ချင်းဆက်သွယ်ဆက်ဆံရေး ခိုင်မြဲအောင်မြင် လျက်ရှိကြောင်း ပြောကြားလိုပါတယ်။

ဒီနေ့ နယ်စပ်ဒေသတွေမှာတော့ တရားမဝင် ဝင်ရောက်နေထိုင်တဲ့နိုင်ငံခြားသား အမျိုးသား ၁၂၃ ဦး၊ အမျိုးသမီး ၁၂ ဦး စုစုပေါင်း ၁၃၅ ဦးကို တရုတ်နိုင်ငံက တာဝန်ရှိသူများထံ လွှဲပြောင်းပေး နိုင်ခဲ့ပါတယ်။ အားလုံး ၁၀၅၁၇ ဦးရှိပြီး ဖြစ်ပါတယ်။ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးကို နှစ်နိုင်ငံတာဝန်ရှိသူ များအနေနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားလိုပါတယ်။

တိုက်ပွဲဖြစ်စဉ်များအနေနဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) မှာ လောက်ကိုင်မြို့ကို MNDAA အကြမ်းဖက်သောင်းကျန်းသူများ အနေနဲ့ရှော့တိုက်ဒုံးများနဲ့ ပစ်ခတ်မှုဆောင်ရွက် ခဲ့ပါတယ်။ ကယားပြည်နယ် ဘက်မှာတော့ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကို လာရောက်ပစ်ခတ်ခဲ့တာ ရှိပါတယ်။ Drop Bomb နဲ့ လာရောက်ချခဲ့တာရှိပါတယ်။ ကရင်ပြည်နယ်ဘက်မှာတော့ ဒီနေ့မှာကော့ကရိတ်မြို့ရဲ့နေရာ ရှစ်နေရာကို KNU ၊ PDF အကြမ်းဖက်အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက် တာရှိပါတယ်။ ဒီနေရာမှာတော့ တိုက်ပွဲတစ်နေကုန်နီးပါး ဖြစ်ပွားခဲ့ပါတယ်။ KNU ၊ PDF အဖွဲ့က ကျဆုံးထိခိုက်ဒဏ်ရာရရှိမှုများပြားတယ်ဆိုတာသိရပါတယ်။ ကော့ကရိတ်မြို့ရဲ့ အခြေအနေကတော့ ခုချိန်မှာ ချောင်းမြောင်းပစ်ခတ်တာ၊ အဝေးမှလက်နက်ကြီးနဲ့ပစ်ခတ် တာမျိုးပဲရှိပါတယ်။ ရခိုင်ပြည်နယ်ဘက်မှာတော့ ထရွန်အိုင်စခန်းကို Drop Bomb များနဲ့ လာရောက် တိုက်ခိုက်တာရှိပါတယ်။

ဒီနေ့မှာတော့ အမျိုးသားဒီမိုကရေစီပါတီသစ်က ဥက္ကဋ္ဌတာဝန်ထမ်းဆောင်နေတဲ့ ဦးသန်းထွန်းကို ရန်ကုန်မြို့မှာ PDF အကြမ်းဖက်အဖွဲ့က ပစ်ခတ်သတ်ဖြတ်ခဲ့တယ်ဆိုတာကို တွေ့ရပါတယ်။ ဒီအမျိုးသားဒီမိုကရေစီပါတီသစ်ဆိုတာသည် ယခင်ကတည်းက၊ တပ်မတော်အစိုးရ လက်ထက်ကတည်းက တပ်မတော်နဲ့ အတိုက်အခံပြုလုပ်ပြီးတော့ ဒီမိုကရေစီအရေးကို ကြိုးပမ်းတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ သို့သော်ဒီအချိန်မှာ အမြင်မတူတာနဲ့ ငါနဲ့မတူ ငါ့ရန်သူဆိုပြီး သတ်ဖြတ်တဲ့ ပုံစံမျိုးပဲဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာမှာ ဖော်ဆောင်တဲ့ လမ်းကြောင်းတွေ၊ အယူအဆတွေ၊ အတွေးအခေါ် တွေ အမျိုးမျိုးရှိမှာဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာမှ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာမှာ ငါယူဆတဲ့လမ်းကြောင်း၊ ငါလုပ်ကိုင်တဲ့ဟာပဲ မှန်တယ်၊ ငါနဲ့မတူငါ့ရန်သူလို့ သ‌ဘောထားတာသည်မြန်မာနိုင်ငံရဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို များစွာအနှောင့်အယှက်ဖြစ် စေပါတယ်။ ကျွန်တော်ပြောခဲ့သလိုပါပဲ။ မဲမသမာမှုကြောင့် တပ်မတော်ကနေ တာဝန်ယူခဲ့ရတယ်။ မဲမသမာမှုကိုလည်း လုပ်ခဲ့တယ်။ တရားဥပဒေအရ ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ပြောခဲ့တယ်။ တရားဥပဒေအရ ရင်ဆိုင်ဖြေရှင်းခြင်းမရှိဘဲ အကြမ်းဖက်လမ်းစဉ်ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဒီ NUG ၊ PDF အဖွဲ့တွေအနေနဲ့ နေရာမျိုးစုံ၊ မီဒီယာမျိုးစုံ ကနေပြီးသူတို့နဲ့ အတွေးအခေါ် မတူတဲ့သူမှန်သမျှကို ဆန့်ကျင်ဖို့၊ သတ်ဖြတ်ဖို့ အမြဲတမ်းလှုံ့ဆော်နေတာတွေ့ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ ပြည်သူလူထုအနေနဲ့ စဉ်းစားကြည့်ပါ။ ဒီလိုမျိုး အတွေးအခေါ်မျိုးရှိတဲ့သူတွေဟာ ကျွန်တော်တို့ ပြည်သူလူထုလိုလားတဲ့ ဒီမိုကရေစီစနစ်၊ ကျွန်တော်တို့ ပြည်သူလူထု လိုလားနေတဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဒီလက်နက်ကိုင်အကြမ်းဖက် သူတွေကတည်ထောင်ပေးမယ်လို့ ယုံကြည်ပါသလား၊ ယုံကြည်တယ်ဆိုရင် ဒီလောက်မိုက်မဲတဲ့ ယုံကြည်မှုမျိုးတော့ ရှိမှာမဟုတ်ဘူးလို့ပဲ ကျွန်တော်ပြောလိုပါတယ်။ ဒီမိုကရေစီစနစ်ဆိုတာသည် ပြည်သူလူထုရဲ့ဆန္ဒကို အကြမ်းဖက်တဲ့နည်း၊ ခြိမ်းခြောက်တဲ့နည်းမပါဘဲနဲ့ ဖော်ဆောင်ရတဲ့ စနစ်ဖြစ်ပါတယ်။ ပြည်သူလူထုကနေ ရွေးချယ်တဲ့ ကိုယ်စားလှယ်တွေက ဒီမိုကရေစီနည်းလမ်းတကျရှိနေတဲ့ တရားဥပဒေတွေရဲ့ နည်းလမ်းတကျနဲ့ ဖော်ဆောင်ရတာ မျိုးဖြစ်ပါတယ်။ ဒါမှသာလျှင် အောင်မြင်မှာဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲနဲ့ လက်နက် ကိုင်အကြမ်းဖက် လမ်းစဉ်ကို အားပေးနေတယ်ဆိုရင် မိမိရဲ့စိတ်ထဲမှာ တကယ်ရော ဒီမိုကရေစီလိုချင်တာလားဆိုတဲ့ ဆန်းစစ်မှုမျိုး ဆန်းစစ်ရမှာဖြစ်ပါတယ်။ ဒါကြောင့်ကျွန်တော်တို့ ပြည်သူလူထုလိုလားတဲ့ ပါတီစုံဒီမိုကရေစီ စနစ်ကို လျှောက်လှမ်းတဲ့နေရာမှာ နိုင်ငံတော်ဝန်ကြီးချုပ်ပြောခဲ့သလိုပါပဲ။ ကျွန်တော်တို့တပ်မတော်သည် ပြည်သူလူထုနဲ့တစ် သားတည်းရှိပါတယ်။ တပ်မတော်သည် ပါတီစုံဒီမိုကရေစီစနစ်ကို စတင်ဦးဆောင် ဖော်ဆောင်တဲ့သူ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နဲ့ ခိုင်မာစေခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ကျွန်တော်တို့ ရည်မှန်းချက်တွေဖြစ်တဲ့အတိုင်းပဲ ပါတီစုံဒီမိုကရေစီ စနစ်နဲ့ပြည်ထောင်စုစနစ်ကို အခြေခံတဲ့ဖက်ဒရယ်စနစ်ကို မလွဲမသွေလျှောက် လှမ်းတည်ထောင်သွား မှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။