Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း ၂၀၂၃ခုနှစ်၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း၏ တိုင်းရင်းဆေးဖိုရမ်တွင် မိန့်ခွန်းပြောကြား

နေပြည်တော် ဒီဇင်ဘာ ၁

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျန်းရှီပြည်နယ် နန်ချန်းမြို့၌ နိုဝင်ဘာ ၂၉ ရက်မှ ၃၀ ရက်အထိကျင်းပသည့် ၂၀၂၃ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း၏ တိုင်းရင်းဆေးဖိုရမ်သို့ တက်ရောက်ရန် နန်ချန်းမြို့၌ရောက်ရှိနေသော ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ ကျန်ကျုံးခေတ်မီတရုတ်တိုင်းရင်းဆေးဝါး ထုတ်လုပ်မှုစက်ရုံနှင့် ပြခန်းသို့သွားရောက် လေ့လာရာတာဝန်ရှိသူများက တရုတ်တိုင်းရင်းဆေးဝါးများကို ခေတ်မီနည်းစနစ်များဖြင့် ထုတ်လုပ်နေမှု၊ အရည် အသွေးစစ်ဆေးနေမှုနှင့် ကမ္ဘာ့နိုင်ငံအသီးသီးသို့ ဖြန့်ဖြူးရောင်းချနေမှုတို့ကို လိုက်လံရှင်း လင်းပြသခဲ့သည်။

ဆောင်ရွက်

ထို့နောက် ဖိုရမ်ဖွင့်ပွဲအခမ်းအနားကိုကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက အဖွင့်မိန့်ခွန်းပြောကြားရာ တိုင်းရင်းဆေးပညာသည် မြန်မာနိုင်ငံ ယဉ်ကျေးမှုနှင့် အမွေအနှစ်များ၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပါကြောင်း၊ တိုင်းရင်းဆေးပညာရပ်ကို အနာဂတ်မျိုးဆက်များထံ လက်ဆင့်ကမ်းပြီး လူ့အဖွဲ့အစည်း၏ ပြောင်းလဲနေသော လိုအပ်ချက်များနှင့် လိုက်လျော ညီထွေဖြစ်အောင် ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ တိုင်းရင်းဆေးပညာ ကဏ္ဍမြှင့်တင်ရန်နှင့် လူတိုင်းလက်လှမ်း မီနိုင်စေရန်အတွက် အတူတကွပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ တိုင်းရင်းဆေးပညာဆိုင်ရာ မူပိုင်ခွင့်များကို ကာကွယ်ရန်နှင့် တိုင်းရင်းဆေးများကို တာဝန်သိသိ၊ ကျင့်ဝတ်သိက္ခာရှိရှိ သုံးစွဲ ကြောင်း သေချာစေရန် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။

တိုင်းရင်းဆေး ထုတ်ကုန်များ၏ ဘေးကင်းမှုနှင့် အရည်အသွေးကို သေချာစေရန်အတွက် နိုင်ငံတကာစံနှုန်းများကိုလိုက်နာကာ ကုန်ကြမ်းနှင့် ဖြည့်စွက်ပစ္စည်းများအတွက် တင်သွင်းခွင့်ပြုချက်များကို ကြီးကြပ်လျက်ရှိပါကြောင်း၊ ပရဆေးကုန်ကြမ်းများနှင့် ဆေးဖက်ဝင် အပင်များ၊ အချောထည်ထုတ်ကုန်များအတွက် ပို့ကုန်အကြံပြုချက်များလည်း ပေးလျက်ရှိပါကြောင်း၊ ဤသို့ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံသားများအားဘေးကင်းပြီး အရည်အသွေးမြင့်သော တိုင်ရင်းဆေးရိုးရာကုထုံးများ ရရှိနိုင်စေရန် ခိုင်မာသော ကတိကဝတ်ကို အလေးပေး ဖော်ပြခြင်းဖြစ်ပါကြောင်း၊ ထို့အပြင်တိုင်းရင်းဆေးများ ထုတ်လုပ်ခြင်းနှင့်ရောင်းဝယ်ခြင်း လုပ်ငန်းစဉ်များကို ထိရောက်သောအဖွဲ့အစည်း၊ စီမံခန့်ခွဲမှု၊ စောင့်ကြည့်စစ်ဆေးခြင်းတို့ကို ခိုင်မာစေရန်အတွက် မြန်မာတိုင်းရင်းဆေး စံချိန်စံညွှန်း ၁၇ မျိုးနှင့် မြန်မာ့ပရဆေးပင်ကျမ်းစာအုပ်တို့ကို ပြုစုထားပါကြောင်း၊ နိုင်ငံ၏စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုး တိုးတက်မှုအတွက်ဘေးကင်းပြီး အရည်အသွေးမြင့် တိုင်းရင်းဆေးဝါးများကို သုံးစွဲနိုင်ရန်ရည်ရွယ်ပါကြောင်း၊ တိုင်းရင်း ဆေးပညာ၏အမွေဆက်ခံမှုနှင့်ဆန်းသစ် တီထွင်မှု၊ တိုင်းရင်းဆေးပညာဆိုင်ရာ မူပိုင်ခွင့်များကာကွယ်ရေးအတွက် မိမိတို့အတူတကွ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် တိုက်တွန်းပြောကြားလိုပါ ကြောင်း ပြောကြားသည်။

ကြည့်ရှုလေ့လာ

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် ကျန်းစုဆေးဝါးထုတ်လုပ်မှု စက်ရုံ၊ တရုတ်တိုင်းရင်းဆေးကုသခန်းများ၊ တရုတ်တိုင်းရင်း ဆေးဝါးပြခန်း များသို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ ကြသည်။

အဆိုပါ ဖိုရမ်ဖွင့်ပွဲအခမ်းအနားတွင် တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ ပါကစ္စတန်၊ တာဂျစ် ကစ္စတန်၊ ဥဇဘတ်ကစ္စတန်နိုင်ငံ အစရှိသည်တို့ပါဝင်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံများ၊ အာဖဂန်နစ္စတန်၊ ဘီလာရုစ်၊ မွန်ဂို လီးယား အစရှိသည်တို့ပါဝင်သည့် လေ့လာသူနိုင်ငံများ၊ မြန်မာ၊ ဘာရိန်း၊ ကူဝိတ်၊ ကမ္ဘောဒီးယားနိုင်ငံ အစရှိသည် တို့ပါဝင်သည့် ဆွေးနွေးဖက်နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကိုယ်စားလှယ်များက မိန့်ခွန်းပြောကြားခဲ့ကြပြီး ဖိုရမ်တွင် တိုင်းရင်းဆေးဝါး အရည်အသွေးကောင်းမွန် စေရေးဆိုင်ရာကိစ္စရပ်များ၊ တိုင်းရင်း ဆေးဝါးထုတ်လုပ်မှုဆန်းသစ်တီထွင် ရေးဆိုင်ရာကိစ္စရပ်များနှင့် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ မူပိုင်ခွင့်ကာကွယ် ခြင်းကိစ္စရပ်များအား အဓိကဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

 သတင်းစဉ်