Skip to main content

မိတ္ထီလာလေတပ်စခန်းမှ လေတပ်သား ၅၀၀ ဦး ရှမ်းမြောက်သို့ ချီတက်ရန်ပြင်ဆင်ဟု မဟုတ်မမှန်လုပ်ကြံသတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဒီဇင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ရှိ လေတပ်စခန်းဌာနချုပ်မှ လေတပ်သား ၅၀၀ ဦး ရှမ်းမြောက်သို့ချီတက်ရန် ပြင်ဆင်နေကြောင်း မဟုတ်မမှန်လုပ်ကြံသတင်းများရေးသား၍ မဲခေါင်သတင်းမီဒီယာမှ လူမှုကွန်ရက်သတင်းစာမျက်နှာများတွင် ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းသည် မှန်ကန်မှုမရှိကြောင်းနှင့် တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် နိုင်ငံတော်နှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နေသည့် တပ်မတော်သားများအား စိတ်ဓာတ်ပျက်ပြားစေရန်၊ တပ်မတော်၏ ဂုဏ်သိက္ခာကျဆင်းစေရန်နှင့် ပြည်သူများ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် မဟုတ်မမှန် လုပ်ကြံရေးသားဖြန့်ဝေနေသည့် သတင်းတုသတင်းမှားသာဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံ့တာဝန်များကို ဦးလည်မသုန် ကျေပွန်စွာထမ်းရွက်နေကြသည့် နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာလုပ်ကိုင်၊ နေထိုင်လိုကြသည့် ဒေသခံတိုင်းရင်းသားပြည်သူများ အထင်အမြင်လွဲမှားစေရန် အကြမ်းဖက်မှုလုပ်ရပ်များကို အားပေးလှုံ့ဆော်နေသည့် တရားမဝင်ပြည်ဖျက်မီဒီယာများမှ ကောလာဟလသတင်းများ ရေးသားဖြန့်ဝေခြင်းများ လုပ်ဆောင်လျက်ရှိပြီး နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။