ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံးမြို့နယ်တွင် ဘိန်းအစားထိုးသီးနှံဖြစ်သည့် ဝဥကို တွင်တွင်ကျယ်ကျယ် စိုက်ပျိုးထားသော်လည်း ယခင်နှစ်များကဲ့သို့ ဈေးကောင်းမရရှိကြောင်း သိရသည်။
စိုက်ပျိုးရေးလုပ်ကိုင်သောတောင်သူများသည် ဘိန်းအစားထိုးသီးနှံဖြစ်သည့်ဝဥကို စိုက်ပျိုးလျက်ရှိပြီး၊ ယခုအခါ ဝဥဈေးသည် ၂၀၁၈ နှင့် ၂၀၂၂ ခုနှစ် များကဲ့သို့ ဈေးကောင်းမရရှိသေးသဖြင့် မြေကြီးထဲတွင် သာ သိုလှောင်ထားနေရကြောင်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလတွင် စက်ရုံများမှအဝယ်မရှိ သေးသည့်အတွက် ဝဥ အစိုတစ်ပိဿာကို ၇၀၀ ကျပ်၊ ၈၀၀ ကျပ် ဈေးသာရှိခဲ့ပြီး၊ ယခုနိုဝင်ဘာလတွင် တစ်ပိဿာ ၁၀၀၀ ကျပ်ဝန်းကျင်ခန့်သာရှိခဲ့ပါသည်။ ဈေးကောင်းမရရှိခြင်း၊ ဝယ်သူနည်းပါးလာခြင်း တို့ကြောင့် တောင်သူများမှာလည်း မတူးတော့ဘဲ၊ မြေကြီးထဲမှာသာ လှောင်ထား၍ ဈေးကောင်းရတဲ့ အချိန်မှာသာ ပြန်တူးပြီးရောင်းကြမည်ဖြစ်ကြောင်း သိရသည်။ ဝဥပင်သည် နှစ်ရှည်ပင်ဖြစ်ပြီး၊ ၂ နှစ်မှ ၄ နှစ်အထိ စိုက်ပျိုးရပါသည်။ ရှမ်းပြည်နယ်(တောင်ပိုင်း)မှာ ပင်လောင်း၊ ဟိုပုံး၊ ပေါင်းလောင်းဒေသမှ ဝဥစိုက်တောင်သူများသည် ပွဲစားများမှတစ်ဆင့် ရောင်းဝယ်နေရပြီး၊ မျိုးစေ့ကို ချင်းပြည်နယ်မှမှာ ယူစိုက်ပျိုးရကြောင်း သိရှိရပါသည်။
ယခုနှစ်ဈေးနှုန်းနှင့် ယခင်ဈေးနှုန်းကို နှိုင်းယှဉ်ပါက ဝဥပေါက်ဈေး အစိုတစ်ပိဿာကို လေးရာကျပ် ဈေးကျလျက်ရှိကြောင်း၊ ကိုဗစ်နှင့် နိုင်ငံရေးအခြေအနေတွေကြောင့် ယနေ့အချိန်ထိ ဝဥမှာ ဈေးကောင်းပြန်မရသေးကြောင်း၊ ဝဥ စိုက်တောင်သူများထံမှ သိရှိရပါသည်။ ယခုအခါဝဥကို ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းနှင့် ရှမ်းပြည်နယ်များတွင်အများဆုံးစိုက်ပျိုးကြကြောင်း၊ ဝဥများကိုကုန်ချောအဆင့်ထိမထုတ် နိုင်သေးသဖြင့် ကုန်ကြမ်းအဖြစ်သာ ထုတ်ရောင်းနေရပြီး မြန်မာနိုင်ငံထွက် ဝဥများကို တရုတ်နှင့် ဂျပန်သို့ အဓိကတင်ပို့ရကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)
