နေပြည်တော် နိုဝင်ဘာ ၃၀
စက်မှုဇုန်ရှိလုပ်ငန်းများကို အားပေးမြှင့်တင်ပြီး ထုတ်လုပ်မှုစွမ်းအားများ၊ စက်စွမ်းအားများကို စွမ်းအားပြည့်လည်ပတ်နိုင်ရေးကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တိုက်တွန်းပြောကြားသည်။
ထို့ပြင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပြည်တွင်းကုန်ကြမ်းများကို အသုံးပြု၍ သွင်းကုန်အစားထိုး ကုန်ပစ္စည်းများထုတ်လုပ်ခြင်းနှင့် တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်ပြီး ပြည်ပပို့ကုန်များအဖြစ် နိုင်ငံတကာဈေးကွက် သို့ထိုးဖောက်ဝင်ရောက်နိုင်ရေးကို အားလုံးက အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့အပြင် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်နှင့် ကျွမ်းကျင်လုပ်သားများ ပေါ်ပေါက်လာစေရန်အတွက် လေ့ကျင့်သင်ကြားပျိုးထောင်ပေးစေလိုကြောင်း၊ ဒေသတွင်းအသားငါးကဏ္ဍ ဖူလုံမှုရှိစေရန်နှင့် နေပြည်တော်တွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ဒေသတွင်းဆန်လုံလောက်မှုရှိစေရေး၊ ဒေသတွင်းစားသုံးဆီဖူလုံစေရေး၊ အသားငါးကဏ္ဍဖူလုံမှုရှိရေးတို့ကို ဌာနဆိုင်ရာအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှု၊ ငါးမွေးမြူရေး နည်းပညာပေးလုပ်ငန်းများ၊ သစ်တောထွက် ကုန်ကြမ်းပစ္စည်းများကို ကုန်ချောထုတ်လုပ်ခြင်း၊ ရေပေးဝေမှုအခြေအနေ၊ အခွန်ကောက်ခံမှုများ၊ ခရီးသွားလာရေးလုပ်ငန်းများ၊ ဒက္ခိဏသီရိစက်မှုဇုန်နှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်နေမှု၊ MSME ပြပွဲများ ခင်းကျင်းပြသနိုင်ရေးအတွက် ဆောင်ရွက်နေမှု၊ ချေးငွေထုတ်ချေးပေးမှု၊ လူမှုဖူလုံရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့်စပ်လျဉ်း၍ လုပ်ငန်းများ အောင်မြင်စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။
သတင်းစဉ်
