Skip to main content

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇမ္ဗူသီရိမြို့နယ်၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပြည်သူများနှင့်တွေ့ဆုံ၍ မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်း၊ လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများ တတိယနေ့အဖြစ် ဆက်လက်ဆောင်ရွက်

နေပြည်တော် နိုဝင်ဘာ ၃၀

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများကို ယနေ့တွင် ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ တတိယနေ့အဖြစ် ဆက်လက်ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့မှ ကိုယ်စားလှယ်များ၊ အောင်ဇမ္ဗူရပ်ကွက် နယ်မြေ (၁)မှ နယ်မြေ(၁၁)ရှိ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများနှင့် မဲဆန္ဒရှင်ပြည်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိ ဦးအောင်စိုးဝင်းနှင့် တာဝန်ရှိသူများသည် MEVM စက် တည်ဆောက်ပုံအကြောင်းအရာများ၊ အသုံးပြုပုံနည်းလမ်းများ၊ စက်နှင့်စပ်လျဉ်းသည့်အချက်အလက်များကို မဲဆန္ဒရှင်ပြည်သူများအနေဖြင့် စနစ်တကျသိရှိနားလည်၍ ကောင်းမွန်စွာအသုံးပြုဆောင်ရွက်နိုင်စေရန် ရှင်းလင်းပြောကြားပြီး လက်တွေ့စမ်းသပ်မဲပေးကြရာ မဲဆန္ဒရှင်ပြည်သူများသည် မဲပေးစက်၏ထိန်းချုပ်စက် (Control Unit) ကို ၎င်းတို့ကိုယ်တိုင် ကိုင်တွယ်ဆောင်ရွက်ခြင်း၊ မဲပေးစက်မှထုတ်ပေးသည့် မဲရလဒ်စာရွက်နှင့် မဲပုံးအတွင်းရှိ မဲလက်မှတ်များ တိုက်ဆိုင်စစ်ဆေး၍ မဲရလဒ်မှန်မမှန်စိစစ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် အဆင့်အတန်းပြည့်မီသော ရွေးကောက်ပွဲများဖော်ဆောင်နိုင်ရေးအတွက် ပြည်တွင်းနည်းပညာရှင်များ၏ အကူအညီရယူ၍ Myanmar Electronic Voting Machine (MEVM) စက်အား မြန်မာနိုင်ငံအခြေအနေနှင့်ကိုက်ညီမှုရှိစွာ ဖန်တီးဆောင်ရွက်ထားရှိပြီး မဲဆန္ဒရှင်ပြည်သူအများ သိရှိနိုင်စေရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယနေ့အထိ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ ပြည်ထောင်စုနယ်မြေအတွင်းရှိ တပ်နယ်များနှင့် မြို့နယ်အားလုံး၌ မဲဆန္ဒရှင်ပြည်သူစုစုပေါင်း ၂၉၁၂၄ ဦးကို ရှင်းလင်းသရုပ်ပြသ၍ လက်တွေ့စမ်းသပ်မဲပေးစေခြင်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။

စမ်းသပ်မဲပေးခဲ့ကြသည့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် အခက်အခဲမရှိ လွယ်ကူလျင်မြန်စွာမဲပေး ဆောင်ရွက်နိုင်ခဲ့ကြပြီးစက်နှင့် စပ်လျဉ်းသည့် ချို့ယွင်းချက် တစ်စုံတစ်ရာမျှ ဖြစ်ပေါ်ခဲ့ခြင်းမရှိ သည့်အပြင် မဲလက်မှတ်ရိုက်နှိပ်မှုကုန်ကျစရိတ်၊ မဲရုံသုံးပစ္စည်းဝယ်ယူမှု ကုန်ကျစရိတ်စသည့် သမား ရိုးကျစရိတ်များအား လျှော့ချနိုင်ခြင်း၊ ယခင်အခြေအနေတွင် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်ခဲ့သည့် ပယ်မဲများမရှိနိုင်တော့သည့်အတွက် မဲဆန္ဒရှင်တို့၏ ဆန္ဒမဲများ အဟောသိကံဖြစ်မှု မရှိနိုင်တော့ခြင်း၊ မဲရလဒ်များအား အချိန်တိုအတွင်းသိရှိနိုင်ခြင်း၊ မဲလက်မှတ်များ ဖောင်းပွစွာရိုက်နှိပ်မှုကဲ့သို့သော မဲမသမာမှုများ မရှိနိုင်တော့ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည့်အတွက် ရွေးကောက်ပွဲ၏ အနှစ်သာရဖြစ်သော ပြည်သူများ၏ဆန္ဒကို အပြည့်အဝဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်