Skip to main content

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသည့် အရှေ့တောင်အာရှသတင်းမီဒီယာကောင်စီ အထူးအစည်းအဝေး တက်ရောက်

ရန်ကုန် နိုဝင်ဘာ ၃၀

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) သည် အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပသည့် အရှေ့တောင်အာရှသတင်းမီဒီယာကောင်စီ (SEAPC-Net) ၏ အထူးအစည်းသို့တက်ရောက်ရန်အတွက် ကောင်စီဝင်ဒေါက်တာ ဇော်သန်းနှင့်အတူ ရန်ကုန်မြို့မှ နိုဝင်ဘာ ၂၇ ရက် ည​နေပိုင်းတွင် ထွက်ခွာခဲ့ပြီး နိုဝင်ဘာ ၂၈ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် အင်ဒိုနီးရှားနိုင်ငံဘာလီမြို့သို့ရောက်ရှိကာ အင်ဒိုနီးရှားသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ Dr. Ninik Rahayu နှင့်တွေ့ဆုံ၍ နောက်တစ်နေ့ အစည်းအဝေးအတွက် အကြိုညှိနှိုင်းဆွေးနွေးကြသည်။

နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံတို့၏ နိုင်ငံတော်သီချင်းများကို ဖွင့်လှစ်သီဆိုခြင်း ဖြင့် အခမ်းအနားဖွင့်လှစ်ကာ အစည်းအဝေးစတင်သည်။

ထို့နောက် နိုင်ငံအလိုက်ဥက္ကဋ္ဌများက မိမိတို့နိုင်ငံများအတွင်း သတင်းအတုသတင်းမှားများ ကျေပျက်အောင်ချေဖျက်ရေးအတွက် ဆောင်ရွက်ခဲ့မှုများ၊ သတင်းမီဒီယာ၏ လွတ်လပ်ခွင့်အခန်းကဏ္ဍ ပိုမိုမြှင့်တင်ရေး၊ အဖွဲ့ဝင်နိုင်ငံအချင်းချင်း စည်းလုံးညီညွတ်ရေး၊ သတင်းကိစ္စရပ် တွင်သာမကဘဲ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ရေးနှင့် အဖွဲ့ဝင်နိုင်ငံများ တိုးပွားလာ အောင် ပူးပေါင်းဆောင်ရွက်ရေးများကို မိမိတို့ တစ်နိုင်ငံချင်းစီ၏ သဘောထားအမြင်များဖြင့် လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးကြသည်။

ထို့နောက် ၂၀၂၃ မှ ၂၀၂၅ အထိ အရှေ့တောင်အာရှသတင်းမီဒီယာကောင်စီ (SEAPC-Net) ၏ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌနေရာများကို အကြိမ်ကြိမ်အထပ်ထပ် ဆွေးနွေးညှိနှိုင်း ရွေးချယ်ကြရာ ဒုတိယဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) အား ရွေးချယ်အတည်ပြုခဲ့ကြပြီး အခမ်းအနားကို ၁၇၀၀ အချိန်တွင် ရုပ်သိမ်းခဲ့သည်။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌသည် ယ​နေ့ည​​နေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

သတင်းစဉ်