Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ “အာဆီယံပေါင်းစည်းမှုဆိုင်ရာ မဟာစီမံကိန်း ၂၀၂၅ နှင့် တရုတ်နိုင်ငံရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းတို့အကြား ဒေသတွင်းပို့ဆောင်ဆက်သွယ်မှုတိုးတက်ရေးနှင့် သာယာဝပြောမှုမျှဝေရေးဖိုရမ်” တက်ရောက်

နေပြည်တော် နိုဝင်ဘာ ၃၀

အာဆီယံ-တရုတ် စင်တာမှကြီးမှူး၍ “အာဆီယံပေါင်းစည်းမှုဆိုင်ရာ မဟာစီမံကိန်း ၂၀၂၅ နှင့် တရုတ်နိုင်ငံရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းတို့အကြား ဒေသတွင်းပို့ဆောင်ဆက်သွယ်မှု တိုးတက်ရေးနှင့် သာယာဝပြောမှုမျှဝေရေး ဖိုရမ်အစီအစဉ်ကို လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဗီယင်ကျန်းမြို့နှင့် လွန်ပရာဘန်မြို့တို့၌ နိုဝင်ဘာ ၂၆ ရက်မှ ၂၉ ရက်အထိကျင်းပခဲ့ရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်မျိုးထွဋ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်တင်အေးဟန်နှင့် ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၂၆ ရက်တွင် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ဗီယင်ကျန်းမြို့ရှိ ခရီးသွားဆွဲဆောင်ရာ နေရာများဖြစ်သော ပသူလွန်းဘုရား၊ မြဘုရားထားရှိခဲ့သည့် ကျောင်းတော်ဟောင်း၊ ဗီယင်ကျန်း ဖွံ့ဖြိုးရေးဇုန်တို့သို့ သွားရောက်လေ့လာကြပြီး ညနေပိုင်းတွင် ကြိုဆိုညစာစားပွဲ အခမ်းအနားသို့တက်ရောက်ကြသည်။

နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗီယင်ကျန်းမြို့ရှိ ဒုန်ချန်ပဲလေ့စ်ဟိုတယ်၌ ကျင်းပသည့် "အာဆီယံပေါင်းစည်းမှုဆိုင်ရာ မဟာစီမံကိန်း ၂၀၂၅ နှင့် တရုတ်နိုင်ငံရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းတို့အကြား ဒေသတွင်း ပို့ဆောင်ဆက်သွယ်မှု တိုးတက်ရေးနှင့်သာယာဝပြောမှုမျှဝေရေး ဖိုရမ်" သို့ တက်ရောက်သည်။

ဖိုရမ်တွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် လာအိုနိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး၊ တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံညီလာခံ အမျိုးသားကော်မတီဒုတိယဥက္ကဋ္ဌတို့က အဖွင့်အမှာစကားများ ပြောကြားကြသည်။

ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုဖိုရမ် ကျင်းပပြုလုပ်ရခြင်းသည် တရုတ် - အာဆီယံနိုင်ငံများအကြား ရုပ်ပိုင်းဆိုင်ရာ၊ အဖွဲ့အစည်းဆိုင်ရာနှင့် လူသားအချင်းချင်းဆက်သွယ်မှု၊ ပေါင်းစည်းမှုအားလုံးကို ခိုင်မာစေရန် ရည်ရွယ်ပါကြောင်း၊ အာဆီယံပေါင်းစည်းမှုဆိုင်ရာ မဟာစီမံကိန်း ၂၀၂၅ အနေဖြင့် အာဆီယံနိုင်ငံများအကြား စဉ်ဆက်မပြတ် ရေရှည်တည်တံ့သည့် အခြေခံအဆောက်အဦများ ဖြစ်ပေါ်လာရေး၊ ဒစ်ဂျစ်တယ်နည်းပညာနှင့် တီထွင်ကြံဆမှုများ တိုးတက်လာရေးနှင့် ပို့ဆောင်ဆက်သွယ်မှု လွယ်ကူစေရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသတွင်းနိုင်ငံသားများအချင်းချင်း ဆက်သွယ်ပေါင်းစည်းခြင်းတို့ကို မြှင့်တင်ဆောင်ရွက် သွားရန်ဖြစ်ပြီး တရုတ်နိုင်ငံရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းအနေနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများကို တိုးတက်လာစေ ပါကြောင်း။

အာဆီယံပေါင်းစည်းမှုဆိုင်ရာ မဟာစီမံကိန်း ၂၀၂၅ လုပ်ငန်းစဉ်များတွင် မြန်မာ-လာအို စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံအတွင်း မီးရထားလမ်းနှင့် အမြန်လမ်းမကြီးများတည်ဆောက်ခြင်း စသည့်လုပ်ငန်းစဉ်များလည်း ပါဝင်ပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် အာဆီယံနိုင်ငံများ၏ အခြေခံအဆောက်အဦဆိုင်ရာ စီမံချက်များ၊ ကူးသန်းရောင်းဝယ်ရေး ဆိုင်ရာကိစ္စရပ်များ၊ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းခြင်းများနှင့် လူ့စွမ်းအားအရင်းအမြစ် တိုးတက်စေရေးကဏ္ဍများတွင် ပူးပေါင်းကူညီပေးစေလိုပါကြောင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ငြိမ်းချမ်းသာယာမှု၊ အားလုံးပါဝင်မှု၊ တန်းတူညီမျှမှု၊ အပြန်အလှန်သင်ယူမှုနှင့် အပြန်အလှန် အကျိုးရှိမှုတို့ကို ဖြစ်ပေါ်လာနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ အာဆီယံစီးပွားရေး အသိုက်အဝန်းဆိုင်ရာ အာဆီယံဒုတိယအထွေထွေ အတွင်းရေးမှူးချုပ်၊ အာဆီယံ-တရုတ်ဗဟိုဌာန အထွေထွေအတွင်းရေးမှူးချုပ်တို့က အမှာစကားများ ပြောကြားကြသည်။

ယင်းနောက် မြန်မာကိုယ်စားလှယ် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက အာဆီယံ-တရုတ် ဆက်သွယ်ပေါင်းစည်းမှုလုပ်ငန်းစဉ်များနှင့် အောင်မြင်မှုများအပေါ် ရှင်းလင်းပြောကြားရာတွင် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လစာရင်းများအရ မဟာစီမံကိန်း ၂၀၂၅ ပါမဟာဗျူဟာ လုပ်ငန်းစဉ်ငါးခုအောက်ရှိ နယ်ပယ် ၁၅ ခု၊ ရာခိုင်နှုန်းအားဖြင့် စီမံကိန်း၏ ၇၃ ဒသမ ၄၂ ရာခိုင်နှုန်းကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ-တရုတ် ပို့ဆောင်ဆက်သွယ်မှု တိုးတက်ရေး၊ နည်းပညာပူးပေါင်း ဆောင်ရွက်ရေး၊ ဒစ်ဂျစ်တယ်လုပ်ငန်းစီမံချက် ၂၀၂၃ အစရှိသည်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ်သည် အာဆီယံ-တရုတ် ဒေသတွင်းနိုင်ငံသားအချင်းချင်း အပြန်အလှန်ကူးလူး သွားလာ ဆောင်ရွက်မည့်နှစ်အဖြစ် သတ်မှတ်ထားပါကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့်ဖိုရမ်က အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်နိုင်ပြီး အာဆီယံပေါင်းစည်းမှုဆိုင်ရာ မဟာစီမံကိန်း ၂၀၂၅ နှင့် တရုတ်နိုင်ငံ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းတို့အကြား ချိတ်ဆက်ဆောင်ရွက်မှုများကို ပိုမိုတိုးတက်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ယင်းနောက် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတ နိုင်ငံဆိုင်ရာမြန်မာသံရုံးမှ သံမှူးကြီးဒေါ်နန်းဖြူစင်သန်းမြင့်က အနာဂတ်ကာလတွင် ကြုံတွေ့ရမည့် အခွင့်အလမ်းနှင့် စိန်ခေါ်မှုများနှင့်စပ်လျဉ်း၍လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကဏ္ဍဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းပြောကြားကြသည်။

ပြည်ထောင်စုဝန်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ၂၈ ရက်တွင် လွန်ပရာဘန်မြို့ရှိ ရှင်းသုန်ဘုရားကျောင်းနှင့် ဘုရင့်နန်းတော် ပြတိုက်တို့သို့ သွားရောက်လေ့လာခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းတွင် လွန်ပရာဘန်မြို့မှ ပြန်လည်ထွက်ခွာခဲ့ရာ ရန်ကုန်မြို့သို့ ညနေပိုင်းတွင် ရောက်ရှိခဲ့သည်။

အဆိုပါ ဖိုရမ်ကို အာဆီယံပို့ဆောင်ဆက်သွယ်မှု မဟာစီမံကိန်း ၂၀၂၅ (Master Plan on ASEAN Connectivity – MPAC 2025) နှင့် Belt and Road Initiative (BRI) တို့ အကြား ပိုမိုကောင်းမွန်သောချိန်ညှိမှုရရှိစေရန်နှင့် ကိုဗစ်-၁၉ ကာလအလွန်ဒေသတွင်း ချိတ်ဆက်ဆောင်ရွက်မှုကို တစ်သမတ်တည်း အဆင့်မြှင့်တင်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး ဖိုရမ်သို့ အာဆီယံ-တရုတ်ဗဟိုဌာနမှ အထွေထွေအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကဏ္ဍမှအကြီးအကဲများ၊ လာအိုပြည်သူ့ ဒီမိုကရက်တစ်နိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ လုပ်ငန်းရှင်များတက် ရောက်ခဲ့ကြောင်းသိရသည်။

သတင်းစဉ်