နေပြည်တော် နိုဝင်ဘာ ၃၀
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီ (၂/၂၀၂၃) အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအနေဖြင့် အမျိုးသမီးအခွင့်အရေး မြှင့်တင်ဖော်ဆောင်သည့် လုပ်ငန်းများဆောင်ရွက်ရာတွင် မူဝါဒ (၄) ရပ်၊ လုပ်ငန်း တာဝန် (၇)ရပ် ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသအလိုက် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် အမျိုးသမီးများကို ထိထိရောက်ရောက် ကာကွယ်စောင့်ရှောက်ပေးနိုင်ရန် အမျိုးသမီးကော်မတီများကို မြို့နယ်အဆင့်အထိ ဖွဲ့စည်းထားရှိကြောင်း၊ မြန်မာနိုင်ငံအတွင်း အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်မှုများအပေါ် ပြန်လည်သုံးသပ်မှုများ ဆောင်ရွက်နိုင်ရန်နှင့် လိုအပ်သည့်ကြီးကြပ်လမ်းညွှန်မှုများ ပြုလုပ်နိုင်ရန် ယခုကဲ့သို့ အစည်းအဝေးများ ကျင်းပဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးကြည်က အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များကိုလည်းကောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင်များနှင့် အတွင်းရေးမှူးတို့က ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်မှုများကိုလည်းကောင်း ရှင်းလင်းတင်ပြဆွေးနွေးကြသည်။
အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင်များ၊ နေပြည်တော်အမျိုးသမီးကော်မတီ၊ တိုင်းဒေသကြီး/ ပြည်နယ် အမျိုးသမီးကော်မတီ အတွင်းရေးမှူးများနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဆက်လက်၍ အမျိုးသားအဆင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီအစည်းအဝေးကို အဆိုပါဝန်ကြီးဌာနစုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပရာ အမျိုးသားအဆင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြညနယ်များမှ လူမှုဝန်ထမ်းဦးစီးမှူးများနှင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် အမျိုးသားအဆင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ ECCD လွှမ်းခြုံမှုနှင့်ပတ်သက်၍ စာရင်းဇယားများအရ အသက် (၆) လမှ အသက် (၃)နှစ် အရွယ် ကလေးငယ်များ၏ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဝန်ဆောင်မှုများ ရရှိမှုမှာ ၀ ဒသမ ၃၂ ရာခိုင်နှုန်း သာရှိပြီး အသက် (၃) နှစ်မှ (၅) နှစ်အရွယ် ကလေးငယ်များ၏ မူကြိုပညာရေးဝန်ဆောင်မှုရရှိမှုမှာ ၂၇ ဒသမ ၂၀ ရာခိုင်နှုန်းသာရရှိသည်ကို စိစစ်တွေ့ရှိရကြောင်း၊ ထို့ကြောင့် ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ယခုထက်ပိုမို၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
မွေးစမှ အသက် (၈) နှစ် အရွယ်အထိ ကလေးများ၏ ဘက်စုံဖွံ့ဖြိုးမှုသည် အရေးကြီးသည့်အတွက် ကလေးသူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အစိုးရ၊ ပုဂ္ဂလိကနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ ရင်းနှီးမြှုပ်နှံမှုများကို တိုးချဲ့အကောင်အထည်ဖော်သွားရန် မဖြစ်မနေလိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားအဆင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ကလေးသူငယ်ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
