Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ ဖြည့်စွက်ခွင့်ပြုငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် နိုဝင်ဘာ ၃၀

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ ဖြည့်စွက်ခွင့်ပြုငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးညိုစော၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကို ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပြီး အကောင်အထည် ဖော်လျက်ရှိကြောင်း၊ ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေစဉ်အတွင်း ဥပဒေတွင်ပါရှိသည့် ရငွေလျာထားချက်များအပြင် ဘဏ္ဍာရေးနှစ်အတွင်း ထပ်မံရရှိနိုင်သည့် ရငွေများရှိသည်ကိုတွေ့ရကြောင်း၊ အလားတူ ဥပဒေတွင်ပါရှိသည့် သုံးငွေများအပြင် မဖြစ်မနေထပ်မံသုံးစွဲရန် လိုအပ်သည့် အသုံးစရိတ်များလည်းရှိနိုင်ကြောင်း၊ ထို့ကြောင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေကို ခွင့်ပြုနိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အဆင့်ဆင့် စိစစ်ရခြင်းဖြစ်ပြီး တောင်းခံထားသည့် ဌာန၊ အဖွဲ့အစည်းများအနေဖြင့် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အတည်ပြုပြဋ္ဌာန်းပြီးမှသာ သုံးစွဲသွားရမည်ဖြစ်ကြောင်း။

ဌာန၊ အဖွဲ့အစည်းများက တင်ပြလာသည့် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုများအပေါ် ဦးစွာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက အဆင့်ဆင့်စိစစ်ခဲ့ပြီး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ဖွဲ့စည်းထားသည့် “ပြည်ထောင်စုနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းများ ကြိုတင်စိစစ်ရေးကော်မတီ” ကလည်း နိုင်ငံတော်ကချမှတ်ထားသည့် မူဝါဒများနှင့်အညီ စနစ်တကျစိစစ်ထားပြီး ဖြစ်ကြောင်း။

နိုင်ငံတော်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဦးစားပေးဆောင်ရွက်ရမည့် အသုံးစရိတ်များကို စနစ်တကျစိစစ်သုံးစွဲလျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်တွင် တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း “မိုခါကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် ပြန်လည်ထူထောင်ရေး အသုံးစရိတ်များအပါအဝင် သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးရမှုများအတွက် အသုံးစရိတ်များကိုလည်း အချိန်နှင့်တစ်ပြေးညီ သင့်လျော်မည့်အသုံးစရိတ်များကို ခွင့်ပြုပေးလျက်ရှိကြောင်း၊ နိုင်ငံတော်၏တာဝန်ကို ကျေပွန်စွာထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများ၏ စားဝတ်နေရေးကို အထောက်အကူပြုစေနိုင်ရန် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစ၍ အပိုထောက်ပံ့ကြေးခံစားနိုင်ရန် ခွင့်ပြုပေးခဲ့ကြောင်း။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ တင်ပြချက်အရ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုများတွင် နိုင်ငံတော်သို့ပေးဆောင်ရမည့်အခွန်၊ နိုင်ငံတော်သို့ထည့်ဝင်ငွေ၊ ဝန်ထမ်းများအတွက် အပိုထောက်ပံ့ကြေး၊ လုံခြုံရေးဆိုင်ရာအသုံးစရိတ်များ၊ ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးနိုင်မည့် တည်ဆောက်ရေးလုပ်ငန်းများ စသည်တို့အတွက် အဓိကတောင်းခံထားသည်ကို တွေ့ရှိရကြောင်း၊ အဆင့်ဆင့်စိစစ်သည့်အချိန်တွင်လည်း အသုံးစရိတ်အမျိုးအစားအလိုက် အနည်းဆုံးလိုအပ်ချက်ဖြစ်စေရန် စိစစ်ထားပြီးဖြစ်ကြောင်း။

 ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု၏ ရသုံးခန့်မှန်းခြေငွေစာရင်း၊ မူလခန့်မှန်းခြေငွေစာရင်း အခြေအနေကိုကြည့်ပါက တစ်နိုင်ငံလုံး၏ဂျီဒီပီတန်ဖိုးသည် ငွေကျပ်ဘီလီယံပေါင်း ၁၃၈၁၉၅ ဒသမ ၇၀၃ ဖြစ်သည်ကိုတွေ့ရှိရကြောင်း၊ သာမန်ငွေလုံးငွေရင်း ကြွေးမြီများနှင့်ပတ်သက်သည့် ပိုငွေ၊ လိုငွေ နှိုင်းယှဉ်ချက်အနေဖြင့် ဂျီဒီပီနှင့် လိုငွေနှိုင်းယှဉ်ချက်သည် ပမာဏအားဖြင့် ၅ ဒသမ ၆၅ ရာခိုင်နှုန်းရှိသည်ကို တွေ့ရှိရကြောင်း၊ ယင်းကို သက်ဆိုင်ရာစိစစ်ရေးအဖွဲ့ အဆင့်ဆင့်က စစ်ဆေးပြီးသည့်အခါ နောက်ဆုံးအနေဖြင့် ကျန်ရှိသည်မှာ ဂျီဒီပီပြေင်းလဲမှုမရှိသော်လည်း လိုငွေနှင့်ဂျီဒီပီအချိုးသည် ၅ ဒသမ ၆၅ မှ ၅ ဒသမ ၃၁ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း။

ထို့ကြောင့် ဌာန၊ အဖွဲ့အစည်းများအနေဖြင့် ခွဲဝေချထားပေးသည့် ဘဏ္ဍာရန်ပုံငွေများကို နယ်မြေဒေသအခြေအနေအရ ဆောင်ရွက်ရန်မဖြစ်နိုင်ပါက ယခုအစည်းအဝေးတွင် ထပ်မံတင်ပြပေးရန်နှင့် ရငွေထပ်မံတိုးလာနိုင်သည့် ကိစ္စများ၊ စိစစ်ပြီး ခွင့်ပြုငွေများထဲမှ ထပ်မံလျှော့ချလိုသည့် အသုံးစရိတ်များရှိပါက ပွင့်လင်းစွာတင်ပြကြရန်လိုကြောင်း၊ ယနေ့အစည်းအဝေးတွင် အတည်ပြုပြီးသည့်အခါ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များနှင့် ထပ်မံဆွေးနွေးညှိနှိုင်းပြီး နိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်သည့် ဘဏ္ဍာရေးကော်မရှင်သို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနအလိုက် ကော်မတီများက အဆင့်ဆင့်စိစစ်ပြီးသည့် အချက်အလက်များအပေါ် ထပ်မံတင်ပြလိုသည်များရှိပါက ယနေ့အစည်းအဝေးတွင် တင်ပြပေးရန်နှင့် လျှော့ချနိုင်သည့် ငွေပမာဏအသုံးစရိတ်များရှိပါကလည်း ဆက်လက်တင်ပြပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုနှင့်တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများ ကြိုတင်စိစစ်ရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးညိုစောက ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ ပြည်နယ်များ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေ စာရင်းများ ကြိုတင်စိစစ်ဆောင်ရွက်ခဲ့မှု၊ ထိုသို့ စိစစ်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများအနေဖြင့် လတ်တလော နယ်မြေဒေသအခြေအနေအရ အကောင်အထည်ဖော်ဆောင်ရွက်ရန် အခက်အခဲရှိခြင်း၊ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံသည့်အချိန်အထိ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု ရာခိုင်နှုန်းနည်းပါးခြင်း၊ ရန်ပုံငွေလွှဲပြောင်းသုံးစွဲနိုင်မည့် အခြေအနေတို့နှင့် အထွေထွေပိုလျှံရန်ပုံငွေမှ လွှဲပြောင်းသုံးစွဲနိုင်မည့် အရေးကြီးလုပ်ငန်းများ အခြေအနေတို့အပေါ်မူတည်ပြီး အဓိကထား ညှိနှိုင်းဆောင်ရွက်ခဲ့မှု အခြေအနေကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ကော်မရှင်အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဖြည့်စွက်ခွင့်ပြုငွေစာရင်းများအား စိစစ်ပြီးစီးမှုအခြေအနေကိုလည်းကောင်း၊ ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းက ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဖြည့်စွက်ခွင့်ပြုငွေစာရင်းများကိုလည်းကောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက ရငွေ၊ သုံးငွေ စာရင်းများနှင့်စပ်လျဉ်းသည့် စာရင်းစစ်ဆေးခြင်းဆိုင်ရာများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြပြီး ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်အတွင်းရေးမှူးက ဖြည့်စွက်ဆွေးနွေးသည်။

ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။