နေပြည်တော် နိုဝင်ဘာ ၃၀
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းရွာ၌ တပ်မတော်မှ ကျွဲ၊ နွားများ၊ အိမ်ထောင်ပရိဘောဂများအပါအဝင် ကျေးရွာအတွင်း သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးများအား ဖြုတ်ယူရောင်းစားနေကြောင်း၊ လျှပ်စစ်မီးကြိုးများ မရှိသလောက်ဖြစ်နေပြီး ကျေးရွာအတွင်း မီးလင်းခြင်း မတွေ့ရတော့ကြောင်း စသည်ဖြင့် ဒေသခံများထံမှသိရှိရကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
ပဲခူးတိုင်းဒေသကြီး အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူများ၏ ပြောကြားချက်အရ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာတွင် ကျေးရွာသူကျေးရွာသားများ ပုံမှန်နေထိုင်လုပ်ကိုင်စားသောက်လျက်ရှိကြောင်းနှင့် အထက်ပါသတင်းသည် သတင်းအမှားသာဖြစ်ကြောင်း သိရှိရသည်။ ၎င်းအပြင် ပုဇွန်မြောင်းကျေးရွာဝန်းကျင်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်အရ လွန်ခဲ့သော ၃ လခန့်က အကြမ်းဖက်သောင်းကျန်းသူများမှ ရွာအနီးလာရောက်၍ ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် သွယ်တန်းထားသော လျှပ်စစ်ဓာတ်အားပေးဝေသည့် လျှပ်စီးမီးကြိုးနေရာအချို့ ပြတ်တောက်ခဲ့ပြီး မီးမရရှိသည်မှာ ၃ လခန့်ရှိပြီဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် လျှပ်စစ်ကဏ္ဍအား ထိခိုက်ပျက်စီးစေရန် မိုင်းထောင်ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်းနှင့် ပစ္စည်းများအား လုယက်ယူဆောင်ခြင်းစသည့် အဖျက်အမှောင့်လုပ်ရပ်များကို ကျူးလွန်လျက်ရှိပြီး မြို့ရွာများ တည်ငြိမ်အေးချမ်းမှု၊ လုံခြုံမှုနှင့်တရားဥပဒေစိုးမိုးမှုရှိစေရန် တာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအပါဝင် လုံခြုံရေးပူးပေါင်းအဖွဲ့များအပေါ် အထင်အမြင်လွဲမှားစေရန် တရားမဝင်ပြည်ဖျက်မီဒီယာများမှ အဓိကထား ဦးတည်တိုက်ခိုက်ရေးသား ဖြန့်ဝေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
