နေပြည်တော် နိုဝင်ဘာ ၂၉
ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၂၃)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးသို့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဘာသာရပ်ဆိုင်ရာတာဝန်ခံများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ကလေးသူငယ်အခွင့်အရေးများကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီကို ဖွဲ့စည်းထားရှိကြောင်း၊ ပရဟိတဂေဟာများတွင် ကလေးသူငယ်များ လက်ခံစောင့်ရှောက်မှုနှင့် ပတ်သက်၍ လေ့လာဆန်းစစ်တွေ့ရှိချက်၊ အကြံပြုချက်များနှင့်အညီ လိုအပ်သည့် မူဝါဒလုပ်ငန်းအစီအစဉ်များ ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကလေးသူငယ်များအတွက် အချိန်နှင့်တစ်ပြေးညီ ချိတ်ဆက်ကူညီပေးနိုင်ရန် ဖြစ်ရပ်စီမံခန့်ခွဲမှုစနစ် (CMIS Software) ကို ၂၀၂၁ ခုနှစ်တွင် စတင်ရေးဆွဲခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် စတင်အသုံးပြုနိုင်ခဲ့ကြောင်း၊ ကလေးသူငယ်တိုင်း အခွင့်အရေးများ ပြည့်ဝစွာရရှိခံစားနိုင်ရေးအတွက် ကော်မတီဝင်များအနေဖြင့် ဝိုင်းဝန်းဆွေးနွေးအကြံပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၂၂) ဆုံးဖြတ်ချက် အကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ ပရဟိတဂေဟာများ လေ့လာဆန်းစစ်တွေ့ရှိမှုများနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မှုများကို ဆွေးနွေးတင်ပြကြရာ ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ကလေးသူငယ်တိုင်းသည် အနာဂတ်အတွက် အရေးကြီးကြောင်း၊ အခွင့်အရေးများကို အပြည့်အဝဖော်ဆောင်ပေးရန်မှာ မိမိတို့၏တာဝန်ဖြစ်ကြောင်း၊ ပရဟိတဂေဟာများ လေ့လာဆန်းစစ်မှုဆောင်ရွက်ခြင်းဖြင့် လွဲမှားစွာပြုမူနေသည်များကိုသိရှိရပြီး လမ်းကြောင်းတည့်မတ်ပေးနိုင်ခြင်းဖြင့် ကလေးသူငယ်များအတွက် အကျိုးကျေးဇူးရရှိနိုင်မည်ဖြစ်ကြောင်း မှာကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
မွန်းလွဲပိုင်းတွင် သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသက်ကြီးပုဂ္ဂိုလ်များဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ (ပထမအကြိမ်)ကို ပြည်ထောင်စုအစိုးရအဖွဲ့က မှတ်တမ်းတင်ခွင့်ရရှိပြီးဖြစ်ကြောင်း၊ သက်ကြီးရွယ်အိုများအား ထောက်ပံ့ရေးနှင့် ကြည့်ရှုစောင့်ရှောက်ရေးအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ခွင့်ရဒေသ၊ ခရိုင်နှင့်မြို့နယ်အဆင့် သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီများကို သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေနှင့်အညီ လက်ရှိတွင်ခရိုင်အဆင့် ၄၉ ခု၊ မြို့နယ်အဆင့် ၁၅၆ ခု ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသော ခရိုင်/ မြို့နယ်များတွင်လည်း ဆက်လက်ဖွဲ့စည်းသွားရန်လိုကြောင်း ပြောကြားသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအတွင်းရေးမှူးက သက်ကြီးရွယ်အိုများ ဘဝမြှင့်တင်ရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး အစည်းအဝေးတက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြကြောင်း သိရသည်။
သတင်းစဉ်
