Skip to main content

ပြည်ထောင်စုနယ်မြေအတွင်း အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာနများမှ အာမခံအလုပ်သမားများကို ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေး

နေပြည်တော် နိုဝင်ဘာ ၂၉

၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ ပြည်ထောင်စုနယ်မြေအတွင်း အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာနများမှ အာမခံအလုပ်သမားများအား အကျိုးခံစားခွင့်များ ထုတ်ပေးခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်) စုဝေးခန်းမ၌ ကျင်းပသည်။

တက်ရောက်

အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ၊ အာမခံအလုပ်သမားများနှင့် အကျိုးခံစားခွင့်လက်ခံရယူမည့်သူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုနယ်မြေအတွင်းရှိ လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ ကျန်းမာရေးနှင့်လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်အရ ဆေးဖိုးကုန်ကျစရိတ်များ ပြန်လည်ပေးအမ်းခြင်းနှင့် အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့်အာမခံစနစ်အရ လုပ်ငန်းခွင်ထိခိုက်မှုကြောင့် သေဆုံးသွားသည့် အာမခံအလုပ်သမား၏ ကျန်ရစ်သူမိသားစုများအား အကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ မြို့နယ်လူမှုဖူလုံရေးရုံး ၇၈ ရုံးတွင် အလုပ်ဌာန ၃၅၄၃၀ နှင့် အလုပ်သမား ၁၂၅၃၃၆၆ ဦး အကျုံးဝင် မှတ်ပုံတင်ထားပြီး ပြည်ထောင်စုနယ်မြေ လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် အလုပ်ဌာန ၁၀၇၄ ဌာန၊ အာမခံအလုပ်သမား ၂၆၅၆၅ ဦး ရှိကြောင်း။

အာမခံအလုပ်သမားများ ကျန်းမာရေးစောင့်ရှောက်မှု၊ မကျန်းမာမှု၊ မီးဖွားမှု၊ သေဆုံးမှုနှင့် အလုပ်တွင်ထိခိုက်မှုအတွက် ငွေကြေးအကျိုးခံစားခွင့်တို့အပြင် အငြိမ်းစားယူပြီးနောက် ဆေးဝါးကုသမှုဆက်လက်ခံယူခွင့်တို့အတွက် “One for all , All for one” (စုပေါင်းခြင်းဖြင့်ဖူလုံအံ့) ဆိုသည့် လူမှုဖူလုံရေးဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ခြင်းကြောင့် အလုပ်ရှင်များအနေဖြင့် မိမိအလုပ်သမားများအား ဥပဒေနှင့်အညီ အကျုံးဝင်မှတ်ပုံတင်ပြီး ထည့်ဝင်ကြေးများ ပေးသွင်းခြင်း၊ ဥပဒေနှင့်အညီ အကျိုးခံစားခွင့်များထုတ်ယူခြင်းဖြင့် အလုပ်သမားများ၏အကျိုးကို နစ်နာဆုံးရှုံးမှုမရှိအောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ခေတ်ကာလနှင့်အညီ လိုက်လျောညီထွေဖြစ်စေမည့် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်တို့က ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ ပြည်ထောင်စုနယ်မြေအတွင်း အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာနများမှ အာမခံအလုပ်သမား ၁၄ ဦးအား အကျိုးခံစားခွင့် ငွေကျပ် ၂၄၄၄၀၃၆၈ ကို လက်ရောက်ခွင့်ပြုထုတ်ပေး ခဲ့သည်။ လူမှုဖူလုံရေးဥပဒေသစ် စတင်အကောင်အထည်ဖော်သည့် ၂၀၁၄ ခုနှစ်မှစ၍ ယနေ့အထိ လက်ရှိအကောင်အထည်ဖော်နေသော အာမခံစနစ်နှစ်မျိုးအောက်မှ ခွင့်ပြုထုတ်ပေးနေသည့် အကျိုးခံစားခွင့် ၁၅ မျိုးအတွက် တစ်နိုင်ငံလုံးအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အောက်တိုဘာလအထိ အကျိုးခံစားခွင့်အမှုတွဲ ၁၈၅၃၁၄ မှုအတွက် ငွေကျပ် ၁၂၀၀၅ ဒသမ ၉၇၂ သန်းကို ခွင့်ပြုထုတ်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်