နေပြည်တော် နိုဝင်ဘာ ၂၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိပြီး သင်တန်းသား၊ သင်တန်းသူများ စာသင်ခန်းအတွင်း အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားသင်ယူနေမှုများကို ကြည့်ရှုအားပေးသည်။
ကြည့်ရှုအားပေးစဉ် ပြည်ထောင်စုဝန်ကြီးက ပညာကို ကြိုးစားသင်ကြားကြစေလိုကြောင်း၊ ပညာတတ် လူတော်လူကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ ပညာတတ် လူတော်လူကောင်းဖြစ်အောင် ကြိုးစားခြင်းသည် မိမိဘဝ၊ မိမိဒေသနှင့် မိမိနိုင်ငံကို တိုးတက်မြင့်မားအောင် ဆောင်ရွက်ပေးခြင်းပင်ဖြစ်ကြောင်း ပြောကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အခြေခံပညာဦးစီးဌာန ရုံးဟောင်း၌ ပညာရေးဒီဂရီကောလိပ် သင်တန်းသား သင်တန်းသူများ ပညာသင်ကြား၊ သင်ယူနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့အတူ ယနေ့နံနက်ပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာမြို့ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း (ရှမ်းတဲ) သို့ သွားရောက်ပြီး ကျောင်းဝင်းအတွင်းနှင့် အခြေခံပညာ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာစီးပွားရေးတက္ကသိုလ်သို့ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ မိတ္ထီလာစီးပွားရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး) များ၊ ဆရာ ဆရာမများနှင့်တွေ့ဆုံ၍ ဘာသာရပ်ဆိုင်ရာသင်တန်းများ ဖွင့်လှစ်သင်ကြားနေမှု၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးနှင့် သန့်ရှင်းသာယာရေး၊ တက္ကသိုလ်၏ သင်ကြားရေး၊ စီမံရေးဆိုင်ရာများ အရည်အသွေး ပိုမိုတိုးတက်ကောင်းမွန်ရေးကိစ္စရပ်များကို ဆွေးနွေးမှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် တက္ကသိုလ်စာကြည့်တိုက်သို့ ရောက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ စာကြည့်တိုက်ကို အကျိုးရှိအောင် အသုံးချသင်ကြားသင်ယူနိုင်ရေးဆောင်ရွက်ရန် မှာကြားကာ စာကြည့်တိုက်အတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စာသင်ဆောင်များ၌ အေးချမ်းစွာ ပညာသင်ကြားနေကြသည့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး သွားရောက်တွေ့ဆုံပြီး အားပေးစကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာတက္ကသိုလ် သင်္ချာဌာန၌ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုကို သွားရောက်ကြည့်ရှုအားပေးပြီး တက္ကသိုလ်အတွင်းရှိ တည်ဆောက်နေဆဲ ပညာရေးအဆောက်အအုံများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိပြီး ပညာပါရမီခန်းမ၌ ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာများ၊ ပညာရေးဒီဂရီကောလိပ် လေးနှစ်သင် သင်တန်းသား၊ သင်တန်းသူများ၊ PPTT ၁၀/၂၀၂၃ သင်တန်းသား၊ သင်တန်းသူများနှင့် တွေ့ဆုံပြီး ပညာကို ကြိုးစားသင်ယူကြစေလိုကြောင်း၊ သင်တန်းပြီး၍ မိမိတို့တာဝန်ကျသောဒေသများတွင် ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံ့သားကောင်းရတနာများဖြစ်အောင် ပြုစုပျိုးထောင်ပေးကြစေလိုကြောင်း မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်