Skip to main content

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံးအားကစားသမားဆုများ ချီးမြှင့်

နေပြည်တော် နိုဝင်ဘာ ၂၉

မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံးအားကစားသမားဆုများ ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multipurpose Hall ၌ ကျင်းပသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုး၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဉာဏ်ထွန်းနှင့် တာဝန်ရှိသူများ၊ အားကစားသမားများ တက်ရောက်ကြသည်။

အစီအစဉ်အရ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် ထူးချွန်အောင်မြင်သည့် အားကစားသမားများကို အလုပ်နေရာခန့်အပ်ပေးခြင်း၊ ရာထူးတိုးမြှင့်ပေးခြင်း၊ ဆုကြေးငွေများ ဂုဏ်ပြုချီးမြှင့်ပေးခြင်းနှင့် နိုင်ငံ့ ဂုဏ်ဆောင် အားကစားသမားဟောင်းများကိုလည်း ၎င်းတို့၏ စွမ်းဆောင်ခဲ့မှုအပေါ်မူတည်ပြီး ပင်စင်လစာကဲ့သို့ ထောက်ပံ့ကြေးများကို လစဉ်ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်မှ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် (၁၂) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် အားကစားသမားများနှင့် အုပ်ချုပ်သူ/နည်းပြများကို ဂုဏ်ပြုချီးမြှင့်ငွေများ ထိုက်ထိုက်တန်တန် ပေးအပ်ခဲ့ပါကြောင်း၊ လာမည့် ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် ၂၀၂၆ ခုနှစ် တွင်ကျင်းပမည့် (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများအားကစားပြိုင်ပွဲများတွင် ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်များ ဆွတ်ခူးရယူပေးမည့် အားကစားသမားများကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးနိုင်ရန်အတွက်လည်း စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ်အနေဖြင့် အားကစားလောကအဆင့်အတန်း အောင်မြင်တိုးတက်စေရေးအတွက် မီဒီယာပိုင်းနှင့် အကြံဉာဏ်ကောင်းများဖြင့် ဝေဖန်အကြံပြုချက်များပေးသွားရန် ပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဉာဏ်ထွန်းက ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံးအားကစားသမားဆုများ ရွေးချယ်ခဲ့မှုအခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး အကောင်းဆုံးအားကစားသမားဆုရရှိခဲ့သူများ၏ Video Clip များကို ပြသသည်။

ယင်းနောက် ၂၀၂၂ ခုနှစ် အကောင်းဆုံးအားကစားသမားဆုရရှိခဲ့ကြသည့် (၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများအားကစားပြိုင်ပွဲမှ ရေကူးအားကစားသမား မောင်အောင်မြင့်မြတ်နှင့် ပြေးခုန်ပစ်အားကစားသမား မထက်ထက်အေးတို့ကို ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း ၂၀ စီ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ မြန်မာနိုင်ငံ မသန်စွမ်းသူများအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးက ဆုရရှိသူများကိုယ်စား ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ဆုရရှိသူများနှင့် စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လယ်ဝေးမြို့နယ် ဘောလုံးအားကစားကွင်း၊ ရွှေကြာပင်အားကစားကွင်းနှင့် ပေါင်းလောင်းအားကစားကွင်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး မြို့နယ်အလိုက် အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရန်အတွက် ပြည်သူလူထုအား စည်းရုံးဆောင်ရွက်သွားရန်နှင့် လိုအပ်သည့် အားကစားအထောက်အကူပြုပစ္စည်းများကို ပံ့ပိုးကူညီဖြည့်ဆည်းပေးသွားရန် တာဝန်ရှိသူများကို မှာကြားသည်။

ပြည်ထောင်စုဝန်ကြီးသည် လယ်ဝေးမြို့နယ်ရှိ အားကစားလေ့ကျင့်ရေးစခန်း Training Centre – 2 သို့ ရောက်ရှိစဉ် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၄ ရက်မှ ၉ ရက်အထိ ကျင်းပပြုလုပ်မည့် အခြေခံပညာကျောင်းသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြေးခုန်ပစ်အားကစားသမားများနှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များ တည်းခိုနေထိုင်စားသောက်ရေး အဆင်ပြေမှုရှိစေရန် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပံ့ပိုးကူညီဖြည့်ဆည်းပေးသွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်