နေပြည်တော် နိုဝင်ဘာ၂၉
ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ်နေကျေးရွာများမှ ဒေသခံပြည်သူများအား နိုဝင်ဘာ (၁) ရက်မှ (၂၈) ရက်အထိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးခဲ့သည့် တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာန နယ်လှည့်အထူးကုဆေးအဖွဲ့တို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) တို့သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ အမှတ် (၄) ရေတပ်ဗောတံတားသို့ ပြန်လည်ရောက်ရှိလာရာ ဧရာဝတီရေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါ တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ နယ်လှည့်အထူးကုဆေးအဖွဲ့များ ပါဝင်သော တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) တို့သည် ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူ (၁၃,၉၂၈) ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ (၄၇၈၂) ဦး၊ ခွဲစိတ်ရောဂါ(၉၈၇)ဦး၊ သားဖွား/မီးယပ်ရောဂါ (၃၃၈) ဦး၊ ကလေးရောဂါ (၅၃၂) ဦး၊ အရိုးရောဂါ (၂၇၅၆) ဦး၊ နား/နှာခေါင်း/လည်ချောင်းရောဂါ (၈၅၃) ဦး၊ မျက်စိရောဂါ (၂၈၈၄) ဦးနှင့် သွားနှင့် ခံတွင်းရောဂါ (၇၉၆) ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများဆောင်ရွက်ပေးပြီး ၎င်းတို့အနက် မျက်စိခွဲစိတ်လူနာ (၅၁)ဦးနှင့် အထွေထွေခွဲစိတ်လူနာ (၆၈) ဦးတို့ကို ဆေးရုံရေယာဉ်ပေါ်တွင် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ထို့ပြင် ဓာတ်မှန်ရိုက်လူနာ (၆၂) ဦး၊ တယ်လီဗေးရှင်းဓာတ်မှန်ရိုက် လူနာ (၅၉၉) ဦး၊ ဓာတ်ခွဲစမ်းသပ်လူနာ (၂၆၇) ဦးနှင့် ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ (၄၁၃) ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆေးရုံရေယာဉ်ပေါ်ရှိ သားဖွားခန်း၌ ကိုယ်ဝန်ဆောင်မိခင် (၂) ဦးအား အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့ကာ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သောဒေသခံပြည်သူ (၁၃) ဦးတို့ကိုလည်း သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများနှင့် ပြည်သူ့ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့သည်။
တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) တို့ဖြင့် ပြန်လည်ရောက်ရှိလာသည့် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ အထူးကုဆေးအဖွဲ့ဝင်များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂုဏ်ပြုပေးအပ်ချီးမြှင့်သည့် လက်ဆောင်ပစ္စည်းများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ဧရာဝတီရေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူးက ပေးအပ်ချီးမြှင့်ခဲ့ပြီး စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
တပ်မတော်အထူးကုဆေးအဖွဲ့ဝင်များပါဝင်သည့် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) တို့အနေဖြင့် ၂၀၁၃ ခုနှစ်မှစတင်၍ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် မြစ်ကြောင်းများတစ်လျှောက် ဆေးကုသရန် ခက်ခဲသောကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယခုခရီးစဉ်သည် (၁၈) ကြိမ်မြောက်ဖြစ်ပြီး ဒေသခံပြည်သူစုစုပေါင်း (၁၇၈,၇၃၅) ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းနှင့် ဆေးရုံရေယာဉ်ပေါ်ရှိ သားဖွားခန်း၌ ကိုယ်ဝန်ဆောင်မိခင် (၂၈) ဦးတို့အား အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
