Skip to main content

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေ) မှ စစ်ရေယာဉ်များသို့ သွားရောက်လေ့လာ၊ နှစ်နိုင်ငံချစ်ကြည်ရေးအားကစားပြိုင်ပွဲ ပြုလုပ်

နေပြည်တော် နိုဝင်ဘာ ၂၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသော တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေ) 44th PLA Navy Escort Task Group (ETG) မှ စစ်ရေယာဉ်များဖြစ်သည့် ဖျက်သင်္ဘော Zi Bo နှင့် ဖရီးဂိတ်စစ်ရေယာဉ် Jing Zhou တို့ကို ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တပ်မတော် (ရေ) မှ အရာရှိကြီးများက သွားရောက်ကြည့်ရှုလေ့လာကြသည်။

အဆိုပါစစ်ရေယာဉ်များကို လာရောက်လေ့လာသော တပ်မတော် (ရေ) မှ အရာရှိကြီးများအား စစ်ရေယာဉ်များ၏ အဖွဲ့ခေါင်းဆောင် Senior Captain Sun Bo နှင့် တာဝန်ကျတပ်ဖွဲ့တို့မှ ကြိုဆိုခဲ့ကြပြီး ရေယာဉ်ပေါ်တွင် လိုက်လံရှင်းလင်းပြသပေးကာ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။ ထို့နောက် ဖျက်သင်္ဘော Zi Bo ပေါ်၌ ညစာစားပွဲပြုလုပ်ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တပ်မတော် (ရေ) မှ အရာရှိကြီးများနှင့် နှစ်နိုင်ငံမှ အရာရှိများ တက်ရောက်ခဲ့ကြသည်။

ထို့ပြင် ယနေ့နံနက်ပိုင်းတွင်လည်း တပ်မတော် (ရေ) မှ အရာရှိ၊စစ်သည်များနှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေ) မှ အရာရှိ၊ စစ်သည်များသည် သန်လျင်တပ်နယ်အားကစားခန်းမတွင် နှစ်နိုင်ငံချစ်ကြည်ရေးဘတ်စကက်ဘောပြိုင်ပွဲ ယှဉ်ပြိုင်ကစားခဲ့ကြကြောင်းနှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေ) မှ အရာရှိ၊ စစ်သည်များအနေဖြင့် ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ လေ့လာရေးခရီးသွားရောက်လည်ပတ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။