နေပြည်တော် နိုဝင်ဘာ ၂၉
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိ သောလုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိသည်။
ယနေ့တွင်လည်း စေတနာရှင်အလှူရှင်ပြည်သူများက အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ထောပတ်ထမင်းဘူးများကို ပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူပြီး လားရှိုးမြို့မှတစ်ဆင့် တပ်မတော်မော်တော်ယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် လိုက်လံပို့ဆောင်ပေးကြသည်။
စေတနာရှင်ပြည်သူများ လှူဒါန်းသည့် ထောပတ်ထမင်းဘူးများနှင့်အတူ ရဟန်းသံဃာများနှင့် ပြည်သူများက ရေးသားပေးပို့သည့် “တိုင်းပြည်နှင့်ပြည်သူများအပေါ်မှာ ကာကွယ်စောင့်ရှောက်တဲ့ မြင့်မြတ်စိတ်ထားကောင်းတဲ့ တပ်မတော်သားများ ရန်သူမျိုးငါးပါးမှ ကင်းဝေးကြပါစေ၊ တပ်မတော်သားများ ဘေးအန္တရာယ်ကင်းရှင်းပါစေ၊ ကျန်းမာပါစေ၊ တိုက်ပွဲတိုင်းအောင်မြင်ပါစေ” စသည့် ဆုတောင်းမေတ္တာစာလွှာများပါရှိကြောင်း သတင်းရရှိသည်။
