ပြန်ကြားရေး၀န်ကြီးဌာန အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသည် ၂၀၂၂ ခုနှစ်အတွင်း ပထမအကြိမ်ထုတ်ဝေခဲ့သည့် စာအုပ်များကို စိစစ်ရွေးချယ်ခဲ့ပြီး အမျိုးသားစာပေဆုချီးမြှင့်ရန် ရွေးချယ်ခံရသော စာအုပ်များနှင့် စာရေးဆရာများ၏အမည်စာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာ ဆုရရှိသူများအား တွေ့ဆုံမေးမြန်းထား သည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်-
ဘာသာရပ် -ကဗျာ
စာရေးသူ-မောင်စိမ်းနောင်(လယ်ဝေး)
စာအုပ်အမည်- ချစ်တေးသီပါ ကျေးတမာ ကဗျာများ
“ဒီစာအုပ်လေး ထုတ်ချင်နေတာကြာပါပြီ။ အကြောင်းအမျိုးမျိုးကြောင့် မထုတ်ဖြစ်ခဲ့ဘူး။ အထူးသဖြင့်တော့ ကဗျာဖွဲ့နည်းမဟုတ်ဘဲ အပြစ်ကင်းစင်ပြီး ဂုဏ်၊ အလင်္ကာ၊ ရသတွေပါ ထုံးမွှမ်းထားတဲ့ ကဗျာကောင်းတစ်ပုဒ် ဘယ်လိုရေးသင့်ကြောင်းကစလို့ ကျွန်တော်ဖြတ်သန်း တွေ့ကြုံခဲ့တဲ့ ဘဝလမ်းတစ်လျှောက်က စာဖတ်သူအကျိုးရှိစေမယ့် ကဗျာတွေ၊ ချစ်ခြင်းမေတ္တာနဲ့ ကိုယ်ကျင့်တရားဆိုင်ရာ ကဗျာတွေ၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်တွေကို သက်စွန့်ကြိုးပမ်း တာဝန် ထမ်းဆောင်နေကြတဲ့ တပ်မတော်သားတွေကို ဂုဏ်ပြုတဲ့ကဗျာတွေ၊ နှလုံးသားအာဟာရ ဖြစ်စေမယ့်ကဗျာတွေ စသည်ဖြင့် ကဏ္ဍအလိုက်ခွဲပြီး စုစည်းပေါ့။ ၂၀၂၂ ခုနှစ် မေ၊ ဇွန်လလောက်က စလိုက်တာ ဒီဇင်ဘာလကျမှပဲ ထွက်နိုင်တော့တာပါပဲ။
စာအုပ်ကတော့ တစ်ဦးတည်း လေးအုပ်၊ စုပေါင်း နှစ်အုပ် အားလုံး ခြောက်အုပ်ထုတ်ခဲ့ပါတယ်။ ရုပ်ရှင်သရုပ်ဆောင်များအဖို့ အကယ်ဒမီ၊ ကျွန်တော်တို့စာရေးဆရာများအဖို့တော့ အမျိုးသားစာပေဆု။ အခုလို တစ်သက်တာလုံး ခင်ခင်တွယ်တွယ် မြတ်မြတ်နိုးနိုးရေးသားခဲ့တဲ့ ဂန္ထဝင်ကဗျာနဲ့ပဲ ဆုရတော့ အလွန်ပဲ ဝမ်းသာရပါတယ်။ ၂၀၁၅ ခုနှစ်တုန်းက လွဲခဲ့တယ်လေ။ အခုရပြီဆိုတော့လည်း ကြည်နူးပီတိဖြစ်ရပါတယ်။ လူငယ်တွေ စာဖတ်ဖို့လိုတယ်။ မြန်မာ့အမွေအနှစ်ဖြစ်တဲ့ မြန်မာဂန္ထဝင် ကဗျာကိုလည်း မြန်မာလူငယ်တွေ ချစ်တတ်၊ ခင်တတ်၊ မြတ်နိုးတတ်အောင် စာဖတ်အလေ့အကျင့် ပျိုးထောင်သလို ငယ်ကတည်းက ကလေးကဗျာတွေနဲ့ စတင်လေ့ကျင့်ပေးစေလိုပါတယ်” ဟု ပြောကြားသည်။
ဆရာမောင်စိမ်းနောင်(လယ်ဝေး)ကို ၁၉၆၃ ခုနှစ် ဧပြီ ၂၃ ရက်တွင် နေပြည်တော် လယ်ဝေးမြို့နယ် သဲကောကြီးရွာ၌ အဘဦးညွန့်မောင်-အမိဒေါ်ရီတို့က မွေးဖွားခဲ့ပြီး မွေးချင်းငါးယောက်အနက် ဒုတိယ ဖြစ်သည်။ ၁၉၈၀ပြည့်နှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်သည်။ ၁၉၈၂ ခုနှစ်မှ ၁၉၈၆ ခုနှစ်ထိ စစ်တက္ကသိုလ် အမှတ်စဉ်(၂၇) ဗိုလ်လောင်း သင်တန်းသို့တက်ရောက်ခဲ့ပြီး ၁၉၈၆ ခုနှစ် ဧပြီ ၇ ရက်တွင် တပ်မတော် (ကြည်း) ပြန်တမ်းဝင်အရာရှိ ဒုတိယဗိုလ်အဖြစ် ခန့်အပ်ခံရသည်။ တပ်မတော်၏ တပ်ရင်း၊ တပ်ဖွဲ့၊ ဌာနချုပ်အသီးသီးတွင် ဦးစီးအရာရှိ (ပထမတန်း) ဒုတိယဗိုလ်မှူးကြီးအဆင့်အထိ ၂၉ နှစ်ကြာ တာဝန်များ ထမ်းဆောင်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် ပြန်ကြားရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့သည်။ စာပေဗိမာန်တွင် စာတည်းမှူး ချုပ် (ညွှန်ကြားရေးမှူး)အဖြစ် သုံးနှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၃ ခုနှစ် မေလတွင် ဝန်ထမ်းဘဝမှ အနားယူခဲ့သည်။
မောင်စိမ်းနောင်(လယ်ဝေး)ဟူသည့် ကလောင်အမည်ကို ၁၉၈၅ ခုနှစ်တွင် တံခွန်ဂျာနယ်တွင် ပါရှိသည့် ကဗျာများတွင် စတင်သုံးစွဲခဲ့သည်။ စာပေပြိုင်ပွဲများတွင် ကဗျာဆုများ ရရှိခဲ့ပြီး ၁၉၉၅ခုနှစ်တွင် စာပေဗိမာန် စာမူကဗျာပေါင်းချုပ် ဒုတိယဆုရရှိခဲ့သည်။ ၂၀၁၁ ခုနှစ် တွင် အလှကမ္ဘာညီတို့ရွာ ကလေးကဗျာစာအုပ်ဖြင့် အမျိုးသားစာပေဆု ရရှိခဲ့သည်။
ကဗျာပုဒ်ရေ ၁၀၀၀ နီးပါး ရေးဖွဲ့ခဲ့ပြီးဖြစ်ပြီး ကဗျာအပြင် ဆောင်းပါး နှင့်ဝတ္ထုများလည်းရေးသားခဲ့သည်။ ပြည်သူ့တပ်မတော်စာစဉ်တွင် စာတည်း၊ မြဝတီစာပေတိုက်တွင်စာတည်းမှူး၊ စာပေဗိမာန်တွင် စာတည်းမှူးချုပ်တာဝန်များအပြင် ၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ နေပြည်တော်တိုင်း(မ်) သတင်းဂျာနယ်ကို အယ်ဒီတာချုပ်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။
စာပေဗိမာန်စာပေဆု၊ အမျိုးသားစာပေဆု၊ ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေဆုနှင့် တပ်မတော်နေ့အထိမ်းအမှတ် စာပေဆုပြိုင်ပွဲများတွင် စာပေဆုစိစစ်ရွေးချယ်ရေး ကော်မတီဝင်အဖြစ်လည်း စာပေတာဝန်များ ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံစာရေး ဆရာအသင်းတွင် ဒုတိယဥက္ကဋ္ဌ(၁) အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိကာ လက်ရှိတွင် မိသားစုနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့တွင် နေထိုင်လျက်ရှိပြီး အမည်ရင်းမှာ ဦးမျိုးထွန်းဖြစ်သည်။
ဘာသာရပ် -သုတ(ဝိဇ္ဇာ)
စာရေးသူ- ဦးကျော်မြင့် G.A
စာအုပ်အမည်- အသုံးချမြေယာနှင့် အုပ်ချုပ်ရေး
“အငြိမ်းစားယူပြီးရင် စာရေးပြီးမျှဝေမယ်လို့ စိတ်ကူးရှိခဲ့ပါတယ်။ နိုင်ငံရဲ့အုပ်ချုပ်ရေးသမိုင်း၊ နိုင်ငံတော်ပြန်တမ်း၊ ဌာနကထုတ်ပြန်တဲ့ အမိန့်ညွှန်ကြားချက်၊ အလုပ်ရုံဆွေးနွေးပွဲနဲ့ သင်တန်းတွေကရရှိတဲ့ အချက်အလက်တွေပေါင်းစုပြီး စာအုပ်ကောင်းတစ်အုပ်ဖြစ်အောင် အချိန်များစွာယူပြီး ကြိုးစား အားထုတ်ခဲ့ရပါတယ်။
စာမူပြုစုတာ နှစ်နှစ်ခွဲလောက်ကြာပါတယ်။ ပုံနှိပ်မူကြမ်းကို အကြိမ်ကြိမ်ပြန်စစ်ပြီး ဥပဒေ အကိုးအကား အထောက်အထား မှန်၊ မမှန် ပြန်ကြည့်ရင်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်ရောက်မှ စာအုပ် ဖြန့်ချိနိုင်ခဲ့ပါတယ်။
ဒီစာအုပ်မှာ အကြောင်းအရာ ၁၁၄ မျိုးရှိပြီး မြေယာအကြောင်းချည်းပါပဲ။ ဆက်စပ်အကြောင်းအရာ ဖြစ်စဉ်မှန်တွေလည်း ဖတ်ရှုပျော်အောင် ထည့်ရေးပါတယ်။ နိုင်ငံ့တာဝန်ထမ်းဆောင်တဲ့ နှစ် ၄၀ နီးပါးကာလအတွင်း မြေယာနဲ့ပတ်သက်ပြီး ကြုံတွေ့ရတဲ့ အဖြစ်အပျက်အမှန်ကို အခြေခံပြီး မျှဝေထားတာပါ။ အစိုးရကိုကိုယ်စားပြုပြီး မြေအသုံးချမှုစီမံ ခန့်ခွဲသူတွေ အသိမှန်၊ အလုပ်မှန်ပြီး ရလဒ်အမှန်ပေါ်ပေါက်ခြင်းဖြင့် ပြည်သူက ယုံကြည်အားထားထိုက်တဲ့သူတွေ ဖြစ်လာအောင်လို့ပါ။ အမှားတစ်ရာက အမှန်တရားဖြစ်တာတွေ ပပျောက်ပြီး အစိုးရတစ်ရပ်ရဲ့ ပုံရိပ်ကို မြှင့်တင် နိုင်အောင်နဲ့ ပြည်သူအချင်းချင်း မြေကိုအကြောင်းပြုပြီး အလိမ်အညာ မခံရအောင်၊ မြေကြောင့်စိတ်ဆင်းရဲမှု ကင်းဝေးရအောင်၊ မြေယာမှုခင်းတွေ နည်းပါးအောင် ရည်ရွယ်ရင်းဖြစ်ပါတယ်။
မြေနှင့်လူဟာ ထာဝရဒွန်တွဲရှိနေမှာဖြစ်ပါတယ်။ မြေဟာ လူသားနဲ့ အရင်းအနှီးဆုံးနဲ့ အခိုင်အမာဆုံးပစ္စည်းဖြစ်တာကြောင့် ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ခိုင်မာအားကောင်းတဲ့ တရားဝင် အထောက်အထားရှိရန် လိုအပ်တာမို့ မြေအကြောင်းကို လူတိုင်းသိစေလိုတဲ့စိတ်နဲ့ ဒီစာအုပ် ဖြစ်ဖို့ အပတ်တစ်ကုတ် ကြိုးစားအားထုတ်ခဲ့တာဖြစ်ပါတယ်။
ယခု သုတပဒေတာ(ဝိဇ္ဇာ) အမျိုးသားစာပေဆုရရှိတဲ့စာအုပ်ဟာ ပထမဦးဆုံးအကြိမ် ရေးသားထုတ်ဝေခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုလုပ်ငန်းစဉ်နဲ့ ပြည်သူကို နိစ္စဓူဝ ဝန်ဆောင်မှုပြုနေရတဲ့ အုပ်ချုပ်ရေးဆိုင်ရာဝန်ထမ်းများနှင့် သက်ဆိုင်တဲ့ အကြောင်းအရာတွေကို ဆက်လက်မျှဝေသွားမှာ ဖြစ်ပါတယ်။
စာပေဆုရရှိလိုတဲ့ စိတ်ဆန္ဒနဲ့ ရေးသားခဲ့တဲ့ စာအုပ်မဟုတ်ပါဘူး။ ပြိုင်ပွဲဝင်ခဲ့တာလည်း မဟုတ်ပါဘူး။ မြေအသုံးချမှုနဲ့ပတ်သက်ပြီး လုပ်ပိုင်ခွင့်အပ်နှင်းခြင်းခံရတဲ့ ဝန်ထမ်းတွေအနေနဲ့ ပြည်သူကို မှန်မှန်ကန်ကန် ဝန်ဆောင်မှုပြုနိုင်ကြဖို့နဲ့ ပြည်သူတွေအနေနဲ့ မြေဆိုင်ရာ ဗဟုသုတရရှိစေခြင်းဖြင့် ဥပဒေကပေးထားတဲ့ အခွင့်အရေးဆုံးရှုံးမှုများ မဖြစ်ပေါ်ရအောင်ဆိုတဲ့ အရင်းခံစေတနာနဲ့ ရေးသားခဲ့တာဖြစ်ပါတယ်။ တည်ဆဲဥပဒေများကို ကိုးကားပြီး Update ဖြစ်တဲ့ အချက်အလက်တွေ ပါဝင်ပြီး ပြည်သူကို လက်တွေ့အကျိုးပြုတဲ့ စာပေဖြစ်တယ်လို့ အကဲဖြတ် စာပေပညာရှင်ဆရာကြီးများက သုံးသပ်ပြီး အမျိုးသားစာပေဆုနဲ့ ထိုက်တန်လို့ ဆုံးဖြတ်ရွေးချယ်လိုက် တာဖြစ်တယ်လို့ ခံယူပြီး ဝမ်းသာပီတိဖြစ်ရတာတော့ အတိုင်းထက်အလွန်ပါပဲ။
တစ်ဆက်တည်းမှာပဲ လူငယ်တွေကို အကြံပြုလိုတာက စာဖတ်ပါ။ အကျိုးရှိစေမယ့်စာကို ရွေးဖတ်နိုင်ရင် အကောင်းဆုံးပါပဲ။ IT နည်းပညာ အချိန်နဲ့အမျှ တိုးတက်နေတဲ့ ဒီနေ့ခေတ်ကြီးမှာ အကျိုးပြုစာပေ၊ သတင်းအချက်အလက်တွေကို ဖတ်ရှုလေ့လာခြင်းဖြင့် ဆန်းသစ်တဲ့ လူ့ဘောင် လောကကို ဖန်တီးနိုင်တဲ့ နိုင်ငံသားကောင်းတွေဖြစ်အောင် အားထုတ်ကြစေလိုပါတယ်။ လုံလောက်တဲ့ အသိပညာက အခက်အခဲတွေကို လွယ်ကူစွာကျော်ဖြတ်နိုင်တာမို့ စာဖတ်ကြဖို့ တိုက်တွန်းပါ တယ်” ဟု ပြောကြားသည်။
စာရေးဆရာ ဦးကျော်မြင့် G.A အား အဘ ဦးဘဂျမ်း အမိ ဒေါ်ကြွယ်အေးတို့က ၁၉၅၇ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် မိတ္ထီလာမြို့နယ် ကြာကန်ရွာတွင် မွေးဖွားခဲ့ပြီး မွေးချင်းကိုးယောက်တွင် အဋ္ဌမမြောက်သား ဖြစ်သည်။
၁၉၈၁ ခုနှစ်မှစ၍ နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့ပြီး မြို့နယ်ပြည်သူ့ကောင်စီရုံး ဒုတိယရုံးအဖွဲ့မှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် မြို့နယ်ဒုတိယဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး (တိုင်းရုံး၊ ပြည်နယ်ရုံး)၊ ဒုတိယတိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး၊ ညွှန်ကြားရေးမှူး၊ ရုံးချုပ် (မြေယာ၊ ယစ်မျိုးဌာန တာဝန်ခံ) အဖြစ် တာဝန်များထမ်းဆောင်ခဲ့ပြီး တိုင်းဒေသကြီးအုပ်ချုပ် ရေးမှူး/ပြည်နယ် အုပ်ချုပ်ရေးမှူးရာထူး (ဒုတိယညွှန်ကြားရေးမှူးချုပ် အဆင့်) ဖြင့် ၂၀၁၇ ခုနှစ်တွင် သက်ပြည့်အငြိမ်းစားယူခဲ့သည်။
မြေယာစီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်၊ အမျိုးသားမြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီ၏ ဆပ်ကော်မတီအတွင်းရေးမှူး (၂၀၁၄)၊အမျိုးသားဆေးပစ္စည်းဥပဒေ (မူကြမ်း) ရေးဆွဲရေးကော်မတီဝင် (၂၀၁၅)၊ ပြည်ထဲရေးဝန်ကြီးဌာန ဥပဒေရေးရာအကြံ ပေးကော်မတီဝင် (၂၀၁၇)၊ ပြည်ထဲရေးဝန်ကြီးဌာန၏ ပြည်သူ့ဝန်ဆောင်မှုရုံး ဥပဒေ(မူကြမ်း)ရေးဆွဲရေးကော်မတီဝင် (၂၀၁၈)၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းလုပ်ငန်းတာဝန်ခံအဖွဲ့ အဖွဲ့ဝင် (ပြင်ပ ပညာရှင်) (၂၀၁၉)၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၏ ဥပဒေသတ်မှတ်ပြဋ္ဌာန်းချက်ဆိုင်ရာ ပြန်လည်ဆန်းစစ်သုံးသပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂၀၁၉) အဖြစ် တာဝန်များထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၌ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိကာ ရန်ကုန်မြို့တွင် မိသားစုနှင့်အတူ နေထိုင်လျက်ရှိသည်။
တွေ့ဆုံမေးမြန်း - လင်းရာမ
ဓာတ်ပုံ - ကိုထက်