Skip to main content

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တွေ့ဆုံ

နေပြည်တော် နိုဝင်ဘာ ၂၈

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် အမှုဆောင်အဖွဲ့ဝင်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံးတွင် ယနေ့မွန်းလွဲ ၂ နာရီတွင် သွားရောက်တွေ့ဆုံသည်။

တက်ရောက်

တွေ့ဆုံပွဲသို့ အသင်းချုပ်ဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးအေးထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးမြဟန်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးရဲမြင့်မောင်နှင့် တွဲဖက်စာရင်းစစ် ဦးအောင်ကြည်စိုး တို့ တက်ရောက်ကြသည်။

တွေ့ဆုံစဉ် ကော်မရှင်ဥပဒေပါတာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ကော်မရှင်၏ လူ့အခွင့်အရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ ကော်မရှင်၏ Operational Plan ပါ ကိစ္စရပ်များနှင့် စီးပွားရေးနှင့် လူ့အခွင့်အရေးဘာသာရပ်ဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။

သိရှိလိုသည်များ မေးမြန်း

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် အသင်းချုပ် ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သိရှိလိုသည်များ မေးမြန်းခဲ့ကြရာ ကော်မရှင်အဖွဲ့ဝင်က ပြန်လည်ဖြေကြားခဲ့ပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥပဒေ၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR)၊ ကော်မရှင်က ဘာသာပြန်ဆို ထုတ်ဝေသည့် လူ့အခွင့်အရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်များနှင့် ကော်မရှင် လက်ကမ်းစာစောင်များ ပေးအပ်ခဲ့သည်။

သတင်းစဉ်