ကျွန်တော်တို့ မြန်မာနိုင်ငံ အစိုးရအနေနဲ့ နယ်စပ်ဒေသများမှာ တည်ငြိမ်ရေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးအတွက် သက်ဆိုင်ရာနိုင်ငံများနဲ့ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ ဒီနေ့မှာတော့ မြန်မာနိုင်ငံအတွင်းမှာ တရားမဝင်ဝင်ရောက်နေထိုင်တဲ့ တရုတ်နိုင်ငံသား အမျိုးသား ၅၁၁ ဦး၊ အမျိုးသမီး ၂၀၃ ဦး စုစုပေါင်း ၇၁၄ ဦးကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ တာဝန်ရှိသူများကို ပြန်လည်လွှဲပြောင်းပေးနိုင်ခဲ့ပါတယ်။ စုစုပေါင်း ၉၉၀၈ ဦး ရှိပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ချစ်ကြည်ရေးအလည်အပတ်ခရီးနဲ့ ပင်လယ်ပြင် လေ့ကျင့်ရေး လုပ်ငန်းများ ဆောင်ရွက်ဖို့အတွက် ရောက်ရှိနေတဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (တပ်မတော်ရေ) မှ စစ်ရေယာဉ်သုံးစင်းအနေနဲ့ ဒီနေ့မှာတော့ စစ်ရေယာဉ်ပေါ်မှာပါလာတဲ့ တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (တပ်မတော် ရေ) မှ အရာရှိ၊ စစ်သည်များက ရန်ကုန်မြို့ထဲမှာ လေ့လာခြင်း၊ ပင်လယ်ပြင် လက်တွေ့လုပ်ငန်းအတွက် ဆွေးနွေးမှုများပြုလုပ်ခြင်း၊ မြန်မာနိုင်ငံ တပ်မတော်ရေမှ အရာရှိ၊ စစ်သည်များအနေနဲ့ တရုတ်ရေတပ်မတော်မှ စစ်သင်္ဘောများအပေါ်မှာ တက်ရောက်လေ့လာခြင်း စတဲ့လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် သန်လျင်မှာရှိတဲ့ စာသင်ကျောင်းတစ်ခုကို တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (တပ်မတော်ရေ) က တာဝန်ရှိသူများ သွားရောက်ပြီး ကျောင်းသုံးစာအုပ်တွေ၊ ကျောင်းသုံးပစ္စည်းတွေ လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ မြန်မာနိုင်ငံအစိုးရနဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံအစိုးရအနေနဲ့ အစိုးရချင်း ရင်းနှီးစွာ၊ နီးကပ်စွာ ဆက်ဆံလျက်ရှိပြီး တပ်မတော်နှစ်ရပ်အနေနဲ့လည်း ရင်းနှီးစွာ၊ နီးကပ်စွာ ဆက်ဆံ ဆက်သွယ်ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုအခြေ အနေမျိုးမှာ ဒီနေ့မှာတော့ NUG အကြမ်းဖက်အဖွဲ့က သမ္မတအမည်ခံပုဂ္ဂိုလ်က တရုတ်နဲ့ မြန်မာချစ်ကြည်ရေးမှာ အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ တရုတ်နဲ့ မြန်မာချစ်ကြည်ရေးကို ထိခိုက်အောင် ဆောင်ရွက်လာတဲ့ စကားမျိုးတွေ ပြောလာတာကိုတွေ့ရပါတယ်။ ဒါတွေဟာ ကျွန်တော်တို့ နှစ်နိုင်ငံလုံးရဲ့ နှစ်နိုင်ငံ ပြည်သူလူထုနှစ်ရပ်လုံးက သတိရှိစွာ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့သည် နီးကပ်စွာ၊ ရင်းနှီးစွာဆက်ဆံနေတဲ့ အိမ်နီးနားချင်း နိုင်ငံများဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး ၅ ရပ်ကို သမိုင်းအစဉ်အဆက် လေးစားလိုက်နာပြီး မဟာဗျူဟာမိတ်ဖက်နိုင်ငံများ၊ ဆွေမျိုးပေါက်ဖော် နိုင်ငံများဖြစ်ကြောင်း ပြောကြားလိုပါတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက် မှုများကို ကျူးလွန်နေတဲ့ အကြမ်းဖက်သောင်းကျန်း သူအဖွဲ့များအနေနဲ့ ပြည်သူကို ဓားစာခံလုပ်ပြီး ဆောင်ရွက်နေတဲ့ ကိစ္စများကိုလည်း တွေ့ရပါတယ်။ TNLA အဖွဲ့အနေနဲ့ ကျောက်မဲမြို့မှာ စစ်ရေးနဲ့မသက်ဆိုင်တဲ့ နေရာတွေမှာ ဝင်ရောက်နေရာယူတယ်။ ပြည်သူကို အကာအကွယ်လုပ်ပြီးတော့ တပ်မတော်ကို တိုက်ခိုက်တာမျိုးတွေ ရှိပါတယ်။ ကျွန်တော်တို့ပြောခဲ့သလိုပါပဲ။ သူတို့ဆီက သေဆုံးဒဏ်ရာရသူများရှိရင် ပြည်သူတွေဘဲ သေသလိုလို၊ ပြည်သူတွေကိုပဲ တပ်မတော်အနေနဲ့ အန္တရာယ်ပေးသလို ဆောင်ရွက်နေတာမျိုးတွေ၊ ဝါဒဖြန့်နေတာမျိုးတွေ ဒီနေ့မှာတွေ့ရပါတယ်။ အကြမ်းဖက် PDF အဖွဲ့များအနေနဲ့ ရေစကြိုမြို့နယ်၊ အောင်ပန်းချောင်းကျေးရွာက အထက်တန်းပြ ဆရာမတစ်ဦးကို ရက်ရက်စက်စက် လည်လှီးပြီး သတ်တဲ့ဖြစ်စဉ်မျိုးတွေလည်း ဖြစ်ပွားခဲ့ကြောင်း တွေ့ရပါတယ်။ ဒီလိုလူမဆန်တဲ့ လုပ်ရပ်မျိုးတွေဟာ ပြည်သူလူထုအားလုံးက ဝိုင်းဝန်းဆန့်ကျင် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။
ဒီနေ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုများအနေနဲ့ ရှမ်းပြည်နယ် အရှေ့မြောက်ဘက်မှာတော့ ကုန်းကြမ်းဒေသမှာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။ ဆက်လက်ပြီးလည်း ဖြစ်ပွားနေဆဲပဲ ဖြစ်ပါတယ်။ လောက်ကိုင်မြို့ထဲကို MNDAA အကြမ်းဖက်အဖွဲ့အနေနဲ့ ရှော့တိုက်ဒုံးသုံးလုံးနဲ့ ပစ်ခတ်ခဲ့တာရှိပါတယ်။ ရခိုင်ပြည်နယ်ဘက်မှာတော့ ပေါက်တောမှာ လူနေရပ်ကွက်များကို အကာအကွယ်ယူပြီး AA အဖွဲ့အနေနဲ့ လုံခြုံရေးတပ်စခန်းတွေ၊ လုံခြုံရေးဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ တပ်မတော်ကို လာရောက်ပစ်ခတ်ခဲ့တာ ရှိပါတယ်။ ပြန်လည်ခုခံချေမှုန်းခဲ့တာ ရှိပါတယ်။ အနောက်မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေမှာတော့ ရေစွာစခန်းကို လာရောက်တိုက်ခိုက်ခဲ့တာ ရှိပါတယ်။ ဆက်လက် ခုခံတိုက်ခိုက်နေဆဲပဲ ဖြစ်ပါတယ်။ ဒီနေ့ပြောချင်တာကတော့ အကြမ်းဖက်အဖွဲ့များအနေနဲ့ အခုလိုအခြေအနေမျိုးမှာ ကောလာဟလ သတင်းများဖြန့်ချိခြင်း၊ သူတို့ အနိုင်ရနေသယောင် ဖြန့်ချိခြင်းများ ဆောင်ရွက်ပြီး လုပ်ဆောင်နေတာ ရှိပါတယ်။ တပ်မတော်အနေနဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်၊ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာနဲ့ နိုင်ငံတော်ရဲ့ နယ်မြေများကို လုံခြုံမှုရှိအောင် ထိန်းသိမ်းတဲ့နေရာမှာ အကြမ်းဖက်အဖွဲ့ များအနေနဲ့ ပြည်သူလူထုကို ဓားစာခံလုပ်ပြီး မြို့တွေ၊ ရွာတွေမှာရှိတဲ့ အဆောက်အအုံတွေ၊ ပြည်သူလူထုရဲ့ အဆောက်အအုံတွေကို ဓားစာခံလုပ်ပြီး၊ အကာအကွယ်ယူပြီး တိုက်ခိုက်နေတာမျိုးလည်း ရှိပါတယ်။ ဒါတွေဟာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ ပြည်သူလူထုရဲ့ နေရာတွေ၊ နိုင်ငံပိုင်၊ ပြည်သူပိုင် အဆောက်အအုံတွေကို တိုက်ရိုက်ထိခိုက် စော်ကား နှောင့်ယှက်ဖျက်ဆီးခြင်းပဲဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့ တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးက သဘောပေါက်ပြီး၊ တိုင်းရင်းသားပြည်သူ လူထုတစ်ရပ်လုံးတွေ့မြင်နိုင်ပြီး အားလုံးက တက်ညီလက်ညီ ဝိုင်းဝန်းဆန့်ကျင် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။
သတင်းစဉ်
