နေပြည်တော် နိုဝင်ဘာ ၂၈
ပြည်ထောင်စုနယ်မြေ နေပြည်တော်မြို့နယ် ရှစ်မြို့နယ်အတွင်းရှိ ပထမအကြိမ် အသည်းရောင် အသားဝါရောဂါ “ဘီ” ပိုး ကာကွယ်ဆေးထိုးနှံမှုကာလ တစ်လပြည့်မြောက်သော သံဃာတော်/ သီလရှင်များအား ဒုတိယအကြိမ် အသည်းရောင်အသားဝါရောဂါ “ဘီ”ပိုး ကာကွယ်ဆေးထိုးနှံမှု အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ သံဃဘေသဇ္ဇဌာန ဝိဟာရသံဃာ့ဆေးရုံ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးမြင့်စိုး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အလှူငွေများ လှူဒါန်း
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက သံဃဘေသဇ္ဇဌာနဝိဟာရသံဃာ့ ဆေးရုံ၌ သံဃာတော် ၁၇၂ ပါးတို့အား ဒုတိယအကြိမ် အသည်းရောင်အသားဝါရောဂါ “ဘီ” ပိုး ကာကွယ်ဆေးထိုးနှံပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့က ကာကွယ်ဆေးထိုးနှံခြင်းနှင့်ပတ်သက်၍ ရှင်းလင်း လျှောက်ထား၍ နေပြည်တော်တိုင်း ကျန်းမာရေးဦးစီးမှူး၊ သံဃဘေသဇ္ဇဌာနဝိဟာရသံဃာ့ဆေးရုံ ဆေးရုံအုပ်ကြီးနှင့် အစာအိမ်အူလမ်းကြောင်းနှင့် အသည်းရောဂါဖောင်ဒေးရှင်း(မြန်မာ)မှ တာဝန်ရှိသူတို့က ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းလျှောက်ထားကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် မိသားစုက အသည်းရောင်အသားဝါရောဂါ “ဘီ”ပိုး ကာကွယ်ဆေးအတွက် အလှူငွေများလှူဒါန်းပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မိသားစုက ပျဉ်းမနားမြို့ သံဃဘေသဇ္ဇဌာနဝိဟာရ သံဃာ့ဆေးရုံအတွက် ဆေးပဒေသာပင် အလှူငွေများ လှူဒါန်းသည်။
အခမဲ့ထိုးနှံပေးမည်
ယနေ့တွင် ပျဉ်းမနားမြို့ မဟာဓမ္မိကာရာမ အုန်းတောကျောင်း၊ လယ်ဝေးမြို့ ခုတင် ၁၀၀ ဆေးရုံကြီး၊ တပ်ကုန်းမြို့ မဟာဇနကပရိယတ္တိစာသင်တိုက်၊ ပုဗ္ဗသီရိမြို့ ခုတင် ၃၀၀ ဆေးရုံကြီးတို့တွင်လည်း ဒုတိယအကြိမ် အသည်းရောင်အသားဝါရောဂါ “ဘီ” ပိုး ကာကွယ်ဆေးထိုးနှံမှုအခမ်းအနားများ ကျင်းပခဲ့ရာ စုစုပေါင်း သံဃာ/သီလရှင် ၁၂၄၁ ပါးတို့အား တစ်ချိန်တည်း တစ်ပြိုင်တည်း ထိုးနှံပေးခဲ့ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်တွင် တတိယအကြိမ်အဖြစ် သုံးကြိမ်အပြည့် အခမဲ့ထိုးနှံပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
